ဇူလိုင်၁၄၊မော်လမြိုင်
မွန်ပြည်နယ်အတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ သဘာဝဘေး ကူညီကယ်ဆယ်ရေး အဖွဲ့ အစည်းအသီးသီးမှ အဖွဲ့ဝင်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်တုန့်ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက် ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ဟင်္သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မွန်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုအဟန့်အတား ဖြစ်စေသည့် ဘေးအန္တရာယ်များကို စီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ရန်ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ ချမှတ်ဆောင်ရွက်ပါကြောင်း၊ ပြည်ထောင်စုအစိုးရအနေဖြင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ထားပါကြောင်း၊ လက်တွေ့အကောင်အထည်ဖေါ်ဆောင်ရွက်ကြမည့် ခရိုင်၊ မြို့နယ်အဆင့်အဆင့်တွင် ရှိသော စီမံခန့်ခွဲမှုကော်မတီများသည် အရေးကြီးပါကြောင်း၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ချိတ်ဆက်၍ ပါဝင်ပူးဆောင်ရွက်ရန်လိုပါကြောင်း၊ သဘာဝဘေးအန္တရာယ်များကျရောက်ပါက အလျင်အမြန်တုန့်ပြန်မှသာ ပျက်ဆီးဆုံးရှုံးမှုနည်းပါမည်ဖြစ်ပါကြောင်း၊ အလျင်အမြန်တုန့်ပြန်ခြင်းဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုစောလျင်စွာဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊မွန်ပြည်နယ်အနေဖြင့်ရေးဘေးအန္တရာယ်ကိုယခင်နှစ်ကကြုံတွေ့ခံစားခဲ့ရသောအတွေ့အကြုံများကိုသင်ခန်းစာယူ၍ကြိုတင်ပြင်ဆင်မှုများကိုဆောင်ရွက်ထားမည်ဟုယုံကြည်ပါကြောင်း၊ကူညီဆောင်ရွက်ပေးကြမည့်သူများကိုစွမ်းဆောင်ရည်ပြည့်ဝရန်လိုအပ်ပါကြောင်း၊သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းကိုဟင်္သာတမြို့ရှိသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကျောင်း၌သင်ကြားပေးလျက်ရှိပါကြောင်း၊သက်ဆိုင်ရာမြို့နယ်များရှိဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသို့ဆက်သွယ်၍တက်ရောက်ကြစေလိုပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက်မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာအေးဇံကမွန်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့်ဗဟိုကော်မတီချိတ်ဆက်ဆောင်ရွက်မှုများ၊လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကိုရှင်းလင်းပြောကြားခဲ့ပါသည်။ယင်းနောက်ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီးကအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီတွင်ထည့်သွင်းဖွဲ့စည်းထားသောပညာရှင်များအဖွဲ့၏အကြံပြုချက်များအရသဘာဝဘေးကြိုတင်ကာကွယ်ရေး၊ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊မွန်ပြည်နယ်အတွင်းသဘာဝဘေးဖြစ်ပွားမှုအခြေအနေများ၊ကဏ္ဍာငွေသုံးစွဲမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍မွန်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှူးကသဘာဝဘေးအန္တရာယ်ကြိုတင်သတိပေးDAN Mobile Application အကြောင်းကိုမိတ်ဆက်ရှင်းလင်း ပြောကြားခဲ့ပါသည်။ ယင်းနောက်တက်ရောက်လာကြသောလူမှုအဖွဲ့အစည်းများနှင့်သဘာဝဘေးကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်ကသိရှိလိုသည်များကိုမေးမြန်းဆွေးနွေးကြရာတာဝန်ရှိသူများကပြန်လည်ဖြေရှင်းညှိနှိုင်းပေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ယမန်နေ့ကလည်းကရင်ပြည်နယ်၊ဘားအံမြို့၊ဇွဲကပင်ခန်းမ၌သဘာဝဘေးကူညီကယ်ဆယ်ရေးအဖွဲ့များ၊လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊လူငယ်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးကဝန်ကြီးဌာနအနေဖြင့်ရေးဆွဲချမှတ်ထားသောမူဝါဒ၊လုပ်ထုံးလုပ်နည်းများနှင့်လုပ်ငန်းစီမံချက်များကိုအကောင်အထည်ဖေါ်ရာတွင်ပြည်သူများအမှန်တကယ်အကျိုးရှိစေရန်လူမှုအဖွဲ့အစည်းအသီးသီးနှင့်ချိတ်ဆက်၍ပူးပေါင်းဆောင်ရွက်ပါကြောင်း၊လူမှုပတ်ဝန်းကျင်အတွင်းလူငယ်များစွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန်မျှော်မှန်း၍ကဏ္ဍ(၁၆)ရပ်ပါဝင်သည့်လူငယ်ရေးရာမူဝါဒနှင့်မဟာဗျူဟာများကိုလူငယ်ကိုယ်စားလှယ်များကိုယ်တိုင်ရေးဆွဲချမှတ်ပြီးဖြစ်ကြောင်း၊မိမိတို့ဒေသအလိုက်ဦးစားပေးလုပ်ငန်းစဉ်များရွေးချယ်၍အကောင်အထည်ဖေါ်ကြရန်ဖြစ်ကြောင်း၊ပြည်သူများကပူးပေါင်းဆောင်ရွက်မှသာအောင်မြင်မှာဖြစ်ကြောင်း၊ထိုနည်းတူဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကိုလည်းလူမှုအဖွဲ့အစည်းများ၊ပရဟိတဖေါင်ဒေးရှင်းများ၊ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့်ချိတ်ဆက်ဆောင်ရွက်ပါကြောင်း၊ချိတ်ဆက်မှုအားကောင်းမှာသာသတင်းအချက်အလက်များဖလှယ်ရာတွင်မှန်ကန်ပြီးလျှင်မြန်မှုရှိမှာဖြစ်ပါကြောင်း၊သဘာဝဘေးအဖြစ်များသောဒေသများကိုဦးစားပေး၍သဘာဝဘေးမကျရောက်လျှင်လူထုအကျိုးပြုလုပ်ငန်းများတွင်အသုံးပြုနိုင်ပြီးဘေးကျရောက်ပါကခုံလှုံရာနေရာအဖြစ်အသုံးပြုနိုင်သည့်ဘက်စုံသုံးဘေးဒဏ်ခံအဆောက်အဦများကိုဘဏ္ဍာနှစ်အလိုက်တိုးချဲ့ဆောက်လုပ်ပေးလျက်ရှိပါကြောင်း၊သဘာဝဘေးကျရောက်ပါကအသက်ဆုံးရှုံးမှုမဖြစ်ပွားစေရန်ရေဘေး၊လေဘေး၊မီးဘေး၊ငလျင်ဘေးနှင့်မြေပြိုမှုအန္တရာယ်များဆောင်ရန်ရှောင်ရန်နှင့်သတိပြုရန်အချက်များထုတ်ပြန်ဖြန့်ဝေထားပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက်ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီအတွင်းရေးမှူးကလူငယ်မူဝါဒကဏ္ဍ(၁၆)ရပ်ထဲမှဦးစားပေးရွေးချယ်ထားသည့်ကဏ္ဍများ၊မြို့နယ်အဆင့်ကော်မတီများဖွဲ့စည်းမည့်ကိစ္စများ၊လူငယ်စင်တာဆောက်လုပ်မည့်မြေနေရာရရှိရေးလျောက်ထားမှုများကိုတင်ပြဆွေးနွေးခဲ့ပါသည်။ယင်းနောက်သဘာဝဘေးကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များကဝန်ကြီးဌာနနှင့်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများ၊သဘာဝဘေးကျရောက်ချိန်၌မသန်စွမ်းသူများအတွက်ကူညီပေးနိုင်ရေးကိစ္စများကိုမေးမြန်းဆွေးနွေးရာဦးစီးဌာနအလိုက်ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးတို့က ပြန်လည်ဖြေရှင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
Source: MSWRR
#hl1
#mon_jul2019