ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကိစ္စများ ဆွေးနွေးညှိနှိုင်းမှုသတင်း

ဇူလိုင်၁၃၊ဘားအံ
ရှေးဦးအရွယ်ကလေးသူငယ်များ၏ မိဘများ၊မိသားစုဝင်များ၊ မူကြိုကျောင်းများမှ ဆရာမများအား တွေ့ဆုံ၍ ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ကာကွယ် စောင့်ရှောက် ရေးဆိုင်ရာကိစ္စများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော ကလေး အသက် (၂) နှစ်အထိ ငွေကြေးထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာ၌ ရှေးဦးအရွယ်ကလေးသူငယ်များ အသက် ရှင်သန်ခွင့်၊ အစောင့်အရှောက်ခံပိုင်ခွင့်၊ ပါဝင်ခွင့်နှင့်ဖွံ့ဖြိုးတိုးတက်ခွင့် စသည့်အခွင့်အရေး များရရှိစေရန် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီများဖြင့်အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်ပါကြောင်း၊ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များလည်း ရှိပါကြောင်း၊ ကလေးသူများအား ကာကွယ်စောင့်ရှောက်နိုင်ရန် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီကဦးဆောင်၍ ခရိုင်၊ မြို့နယ် အဆင့်ဆင့်၌ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မွေးစမှအသက် (၃) နှစ်အရွယ် ကာလ ကလေးငယ်များ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ကိုယ်ခန္ဓာပုံမှန်ကြီးထွားမှု ကောင်းစွာရရှိစေရန်ဝန်ကြီး ဌာနက နေ့ကလေးထိန်းကျောင်းများနှင့် မိခင်ဝိုင်းများဖွင့်လှစ်၍ပြုစု ပျိုးထောင်ပေးပါကြောင်း၊ စနစ်ကျသောရှေးဦးအရွယ် ကလေးသူငယ်စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ပြုစုပျိုးထောင် ခြင်းဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် မသန်စွမ်းမှုများကို လျှော့ချနိုင်မည်ဖြစ်ပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မူကြိုကျောင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုံလောက်အောင်ဖွင့်လှစ်ရန် ရန်ပုံငွေကန့်သတ်ချက်များရှိသောကြောင့် ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများကို စနစ်ကျသော ရှေးဦးအရွယ်ကလေးသူငယ်စောင့်ရှောက်ရေး ဆရာဖြစ် သင်တန်းများ သင်ကြားပေးခြင်းနှင့် ဆရာမများအတွက်ငွေကြေး ထောက်ပံ့ခြင်းများကို ဆောင်ရွက်ပေးပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော ကလေးအသက် (၂) နှစ်အထိ ငွေကြေးထောက်ပံ့ခြင်းနှင့်အတူ အာဟာရပညာပေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး ပညာပေးနှင့် မိသားစုစီမံကိန်းပညာပေး အစီအစဉ်များပါဝင်သည့် စီမံကိန်းကိုလည်း အညွှန်းကိန်းများအရ ဦးစားပေးအလိုက်ဆောင်ရွက်နေပါကြောင်း၊ ရှေးဦးအရွယ်ကလေး သူငယ်များပုံမှန်ဖွံ့ဖြိုးမှုရှိ/ မရှိကိုမိဘများ၊မိသားစုဝင်များ၊ အုပ်ထိန်းသူများ ကိုယ်တိုင်လေ့လာ ဆန်းစစ်နိုင်ရန် မိမိတို့ဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံကလေးကျန်းမာပညာအဖွဲ့၊ ရန်ကုန်ကလေး ဆေးရုံကြီးတို့ပူးပေါင်း၍ လက်ကမ်းစာစောင်များကိုဖြန့်ဝေပေး လျက်ရှိပါကြောင်း၊ ယနေ့အခမ်း အနားတွင် ကရင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းမှမွေးဖွားသော ကလေး အသက် (၂) နှစ်အထိ ငွေကြေးထောက်ပံ့မှုများကို ပေးအပ်သွားမှာဖြစ်ပါကြောင်းနှင့် အကျိုး ခံစားခွင့်ရှိသူများ လက်ဝယ်ရောက်ရှိအောင် ပူးပေါင်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကရင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှ မွေးဖွားသောကလေး အသက် (၂)နှစ်အထိငွေကြေး ထောက်ပံ့မှုရရှိသူ (၇,၁၄၆) ဦးအတွက်ထောက်ပံ့ငွေကျပ် (၃၀၁,၂၀၀,၀၀၀) ကိုပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်လည်း ဘားအံမြို့၊ ပြည်ထောင်စုရိပ်သာအစည်းအဝေးခန်းမ၌ ရှေးဦးအရွယ် ကလေးသူငယ် တိုင်းတာစစ်ဆေး ခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာအကြံပေးပညာရှင် Mrs. Emily Vargas Baron နှင့်အဖွဲ့ အားလက်ခံတွေ့ဆုံ၍ ဝန်ကြီးဌာနက ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖေါ် ဆောင်ရွက်နေသည့်ကိစ္စများ၊ ရှေးဦးအရွယ် ကလေးသူငယ်များဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး (ECI) စီမံကိန်းကို တိုင်းဒေသကြီး/ ပြည်နယ်များအချို့တွင် ရှေးပြေးစမ်းသပ် ဆောင်ရွက် နေသည့်ကိစ္စများ၊ တိုးချဲ့ဆောင်ရွက်ရန်နည်းလမ်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများက ကူညီ ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် လိုအပ်လျက်ရှိသော လူမှုဝန်ထမ်း ကျွမ်းကျင် လုပ်သားများနှင့် လူမှုဝန်ထမ်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များစွာ ပေါ်ပေါက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြမည့် ကိစ္စရပ်များ၊ ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖေါ်နိုင်ရေးကိစ္စများကိုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Source: MSWRR

#hl1
#krn_jul2019

Sign Up

Upcoming Events