ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် (၁၀-၇-၂၀၁၉) ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းပြီး ဧရာဝတီ မြစ်ရေမြင့်တက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သော လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ ရမ်ပူ၊တီယန်ဇွပ်၊ ပမ္မတီး နှင့် မြို့သစ်ကြီးရပ်ကွက်များသို့ ရေဝင်ရောက်ခဲ့သဖြင့် အိမ်ထောင်စု (၂၇၉) စု၊ လူဦးရေ (၁၃၂၉) ဦးတို့ သည် နီးစပ်ရာဆွေမျိုးနေအိမ်နှင့် ဘုန်းကြီးကျောင်းများသို့ ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း ကနဦး သိရှိရပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး/ ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ၊ ဒေသခံလူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ရေဘေးကူညီ ကယ်ဆယ်ရေး လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်းနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီး၊ အခြားဌာနဆိုင်ရာများနှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများက အဆိုပါရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးနှင့် စားသောက်ဖွယ်ရာများကို (၁၁-၇-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။
ပြည်သူများအနေဖြင့်လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်များ အား အလေးထားဂရုပြုလိုက်နာရန်နှင့် အကူညီလိုအပ်ပါက ဒေသအလိုက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနရုံးများသို့ဖြစ်စေ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန (ရုံးချုပ်) Hot Lineနံပါတ်များဖြစ်သော ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ သို့ဖြစ်စေ အကူညီတောင်းခံနိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ နှိုးဆော်ထားပါသည်။
Source: Relief Section
#ha_fld
#npw_jul2019