လေပြင်းတိုက်ခတ်ခြင်းနှင့် ရေကြီးရေလျှံမှုများကြောင့် အိုးအိမ်များထိခိုက်ပျက်စီးမှုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိခြင်း

 

10 _ Pic _ 01 10 _ Pic _ 02 10 _ Pic _ 03

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း၌ (၈-၇-၂၀၁၉) ရက်နေ့တွင် နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် (၂၄) နာရီအတွင်း မှတ်သားဖွယ် မိုးရေချိန် (၃.၆၆) လက်မခန့်ရရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်မှုအရသိရှိရပါသည်။ အဆိုပါကဲ့သို့ ရွာသွန်းမှုကြောင့် ဘီးလင်း မြို့နယ် ကံသာယာရပ်ကွက်နှင့် ဘိုးရာဇာရပ်ကွက်များအတွင်း ရေများဝင်ရောက်ခဲ့ပြီး(၉-၇-၂၀၁၉) ရက်နေ့ တွင် ကယ်ဆယ်ရေးစခန်း (၄) ခုဖွင့်လှစ်၍ အိမ်ထောင်စု (၉၁) စုမှ လူဦးရေ (၄၂၃) ဦးတို့အား ပြောင်းရွှေ့ နေရာချ ထားပေးခဲ့ရကြောင်း ကနဦးသိရှိရပါသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၌(၈-၇-၂၀၁၉)ရက်နေ့တွင် မိုးသည်း ထန်စွာရွာ သွန်းမှုကြောင့် (၂၄) နာရီအတွင်း မှတ်သားဖွယ်မိုးရေချိန် (၄.၁၃) လက်မခန့်ရရှိခဲ့ပြီး  ပိန်းဇလုပ်မြို့၊  မြို့မ (၁) ရပ်ကွက်၊ အနောက်ပိုင်း (၁) ရပ်ကွက်နှင့် (၂) ရပ်ကွက်၊ အောင်မင်္ဂလာ (၁) ရပ်ကွက်နှင့် (၂) ရပ်ကွက်၊ မြို့ကွက်သစ်၊ ပိတောက်ရွှေဝါရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကာ ခြံဝန်းများအတွင်း ရေဝင်မှုများ ဖြစ်ပေါ်ခဲ့ သော်လည်း ဆိုးဝါးပြင်းထန်မှုမရှိသဖြင့် ရေဝင်အရပ်များမှ အိမ်ထောင်စု(၇၀၀)ခန့်၊ လူဦးရေ (၂၄၀၀) ကျော်တို့သည် ၎င်းတို့နေအိမ်များတွင်သာ ဆက်လက်နေထိုင်လျက်ရှိပါကြောင်း၊ မြို့မ (၁)ရပ်ကွက်၊ အနောက် ပိုင်းရှိ တိုက်နယ်ဆေးရုံအတွင်းသို့လည်း ရေများဝင်ရောက်ခဲ့ရာ ဆေးရုံတက်လူနာ(၁၀)ဦးအား သုဓ္ဓမ္မာရာမကျောင်း ဓမ္မာရုံသို့လည်းကောင်း၊ မြို့မ (၂) ရပ်ကွက်ရှိ အိမ်ထောင်စု (၁၆) စုမှ လူဦးရေ (၅၂) ဦးကိုမူ ကိုးနဝင်းဓမ္မာရုံသို့လည်းကောင်း အသီးသီးပြောင်းရွှေ့နေရာချထားပေးခဲ့ရကြောင်း ကနဦးသတင်းသိရှိရပါသည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ကျောင်းရွာ၊ အညာစုမြို့သစ်၊ မြို့မ (၄) ရပ်ကွက်၊ ကြာအင်းဆိပ်ကြီးကျေးရွာနှင့် စစ်ကုန်းချောင်းသစ်ကျေးရွာများ၌ (၈-၇-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် (၁၄) လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ် (၈၄) လုံး အမိုးအကာများပျက်စီးခဲ့ကာ လူဦးရေ (၄၀၁) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း ကနဦးသိရှိရပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး/ ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ၊ ဒေသခံလူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများကို ဘေးဖြစ်ပွားရာဒေသ အလိုက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာနများမှ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါ သည်။

ပြည်သူများအနေဖြင့်လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်များအား အလေးထားဂရုပြုလိုက်နာရန်နှင့် အကူအညီလိုအပ်ပါက ဒေသအလိုက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီး ဌာနရုံးများသို့ဖြစ်စေ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန(ရုံးချုပ်)Hot Lineနံပါတ်များဖြစ်သော ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ သို့ဖြစ်စေ အကူအညီတောင်းခံနိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ နှိုးဆော်ထားပါသည်။

Source: DDM

#ha_sgw

#npw_jul2019

 

 

 

 

Sign Up

Upcoming Events