ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်အတွင်း ယာယီစခန်းများတည်ဆောက်ခြင်းနှင့် ပြန်လည်နေရာချထားခြင်းကိစ္စရပ်များညှိနှိူင်းဆွေးနွေးမှုသတင်း

ဇူလိုင် ၉၊ စစ်တွေ
ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်ဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးနှင့်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက တိုက်ပွဲရှောင်ပြည်သူများဖြစ်သော တိုင်းရင်းသားများနှင့် ဒေသခံ ပြည်သူများအတွက် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့က ပူပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုက်ပွဲ ရှောင်ပြည်သူများအတွက် ယာယီခိုလုံရန်နေရာများကို အစိုးရကတာဝန်ယူ၍ ဆောက်လုပ်ပေးလျက်ရှိကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများနှင့် ညှိနှိုင်းကာလိုအပ်သော ယာယီစခန်းများတည်ဆောက်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယာယီနေထိုင်ရန်အတွက်သာဖြစ်ပါကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများကို ယခုနှစ် ဇန်နဝါရီ လမှ စတင်၍လစဉ်ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ယာယီနေထိုင်ရန် အဆောက်အဦများကိုပြည်နယ် အစိုးရ ရန်ပုံငွေနှင့် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေတို့ဖြင့် ပူးပေါင်းဆောင်ရွက်ပေးထားခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် လိုအပ်ချက်များရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လာရောက်ခြင်းဖြစ်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ဆွေးနွေးအကြုံပြုပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တိုက်ပွဲရှောင်ပြည်သူများ၏ ယာယီခိုလုံမှု အခြေအနေ၊ ရိက္ခာရရှိ/ လက်ကျန်အခြေအနေ၊ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်နိုင်မှုအခြေအနေ၊ တွဲဖက်ပညာသင်ကြားနေမှု အခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ယာယီစခန်းများ ဆောက်လုပ်ရန်မြေနေရာ လျာထားမှုနှင့် ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။
ထိုနောက် UEHRD ကော်မတီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်ဦးတိုးအောင်က UEHRD ၏ပူးပေါင်း ဆောင်ရွက် နိုင်မည့် အခြေအနေ၊ ဒုတိယဝန်ကြီးဦးစိုးအောင်က ထောက်ပံ့ကူညီမှုများတွင် လိုအပ်လျက်ရှိသော ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ထားရှိမှုအခြေအနေတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

ထို့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာသူများအားပြန်လည်လက် ခံရေးနှင့်ပြန်လည်နေရာချ ထားရေးအခြေအနေများ၊ နေရပ်စွန့်ခွာခြင်းမပြုပဲကျန်ရှိသူများ အားနေရာချထားရေးနှင့် ကူညီထောက်ပံ့မှုပေးရေး တို့ကို ဆက်လက်ဆွေးနွေးရာ အာဆီယံနိုင်ငံများက ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊ ကုလသမဂ္ဂ အဖွဲ့ အစည်းများက ပူးပေါင်းဆောင်ရွက်မည့်စီမံချက်များ၊နိုင်ငံတကာနှင့်မိတ်ဆွေနိုင်ငံများက UEHRD မှတဆင့် ကူညီပံ့ပို့ ကြမည့် အခြေအနေများနှင့်ပတ်သက်၍ အစည်းအဝေးတက်ရောက်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေးခဲ့ကြရာပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ဆွေးနွေးအကြံပြုချက်များအပေါ် ပြန်လည်ညှိနှိုင်းပေးခဲ့ကြကြောင်း သိရှိရပါသည်။

#hl1
#rke_jul2019

Sign Up

Upcoming Events