ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရွှေပြည်အေး (ဖယ်ခုံ)ရှိ စေတနာ့ ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်းတက်ရောက်သူများနှင့်တွေ့ဆုံမှုသတင်း

ဇူလိုင် ၈ နေပြည်တော်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဖယ်ခုံမြို့ရှိရွှေပြည်အေး မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင် ပြုလုပ်လျက်ရှိသော စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်းသို့ တက်ရောက်နေသူများကို တွေ့ဆုံ အား ပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ ညနေပိုင်းကရှမ်းပြည်နယ် ဖယ်ခုံမြို့ရှိ ရွှေပြည်အေးမူးယစ်ဆေးဖြတ်ပြီး သူများ ပြန်လည်ထူထောင်ရေးစခန်းသို့ သွားရောက်ခဲ့ပြီးစေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်း တက်ရောက်လျက်ရှိသော သင်တန်းသားများနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက အမှန် တကယ်စိတ်ဝင်စားပြီး စိတ်ရင်းစေတနာမှန်ဖြင့် ပြုပြင်ပြောင်းလဲမှုကိုဖော်ဆောင်ရန် သင်တန်းတက်ရောက် လာကြသူများအား ကျေးဇူးအထူးတင်ရှိကြောင်း၊ မိမိတို့ပတ်ဝန်းကျင်တွင် မူးယစ်ဆေးစွဲသူများရှိနေပြီး ဆေးဖြတ်ရန် တိုက်တွန်းခြင်း၊ ဆေးဖြတ်ပြီးသူများအမှန်တကယ်အကျိုးရှိစွာ ဘဝကိုရင်ဆိုင်နိုင်ရေး ပြည်သူများနှင့်ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ရာ သင်တန်းတက်ရောက်သူများက သင်တန်းပြီးမြောက်ပါက ဆေးစွဲသူများ၏မိသားစုဝင်များကဲ့သို့ သဘောထား၍ အတတ်နိုင်ဆုံးမိသားစုနှင့် ပူးပေါင်းကူညီပေးသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့ကြပါသည်။ ထို့နောက် ဖယ်ခုံဆေးရုံမှ လက်ထောက်ဆရာဝန်က မူးယစ်ဆေးဖြတ်ပြီး သူများ ပြန်လည်ထူထောင်ရေးသင်တန်းအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆက်စပ်သော ဆေးဝါများ၊ ဆေးခန်းသုံး ပစ္စည်းလိုအပ်ချက်နှင့် စိုက်ပျိုးရေးအရာရှိက သင်တန်းဖွင့်လှစ်ချိန်တွင် သင်တန်းသားများအား စိုက်ပျိုးရေးလုပ်ငန်း လုပ်ဆောင်ရန်အတွက် ဆောင်ရွက်ထားရှိမှုများကို တင်ပြခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် အတူ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းဖွင့်လှစ် ဆောင်ရွက်ထားရှိမှုများ ကို ကြည့်ရှုခဲ့ပြီး သင်တန်းများဆက်လက်ဖွင့်လှစ်နိုင်ရေး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။
နိုင်ငံတော်အစိုးရသည် မူးယစ်ဆေးဝါးနိမ်နင်းရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန အနေဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့တွင် ပါဝင်၍ တာဝန်ယူဆောင်ရွက်ပေးလျှက်ရှိပါသည်။ ပြန်လည်ထူထောင်ရေးအဖွဲ့သည် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ သုံးစွဲမှုလျော့ချရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျှက်ရှိပါသည်။
မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရာတွင် စခန်းအခြေပြုပြန်လည် ထူထောင်ရေးလုပ်ငန်း၊ စခန်းနှင့်ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးလုပ်ငန်း(၃)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဖြတ်ကုသပြီးသူများအား လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နေ ထိုင်နိုင်ရန် အတွက် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ပေးခြင်း၊ အသက် မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးခြင်းနှင့် ဆေးစွဲသူဘဝသို့ ပြန်လည်မရောက်ရှိစေရန် စေတနာ့ ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများက နောက်ဆက်တွဲစောင့်ရှောက်ပေးခြင်း(After Care Service) တို့ကိုဆောင်ရွက် ပေးလျှက်ရှိပါသည်။
ပြန်လည်ထူထောင်ရေးဦးစီးဌာနက တာဝန်ယူထားသော မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး စခန်းသည် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ နမ့်လတ်(တောင်ကြီး)၊ မြဝတီ၊ ကော့သောင်း၊ ဖယ်ခုံ၊ ဝက်ထီးကန်(ပြည်)ဟူ၍ စခန်း (၁၁) ခုရှိပြီး ယခုအခါ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ ကျိုင်းတုံ၊ဖယ်ခုံ၊ ဝက်ထီးကန်(ပြည်)တို့တွင် လုပ်ငန်းများထိရောက်စွာလည်ပတ် ဆောင်ရွက်လျက်ရှိပါသည်။
၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်အတွင်း စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်းများကို မြစ်ကြီးနားမြို့တွင် (၃) ကြိမ်၊ မန္တလေးမြို့တွင် (၁) ကြိမ်၊ ဖားကန့်မြို့တွင် (၁) ကြိမ်၊ မြဝတီမြို့တွင် (၁) ကြိမ် စုစုပေါင်း (၆) ကြိမ် ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပြီးစခန်း၊ စခန်းနှင့်ရပ်ရွာ၊ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းများကို မြစ်ကြီးနားပြန်လည်ထူထောင်ရေးစခန်းတွင် (၁) ကြိမ်၊ မန္တလေးပြန်လည် ထူထောင်ရေးစခန်းတွင် (၂) ကြိမ်၊ ရန်ကုန်ပြန်လည်ထူထောင်ရေးစခန်းတွင် (၁) ကြိမ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် (၁) ကြိမ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြို့တွင် (၂) ကြိမ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် (၂) ကြိမ်၊ ကချင်ပြည်နယ်၊ ဖားကန့်ဒေသ တွင် (၁) ကြိမ် စုစုပေါင်း (၁၀) ကြိမ် ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: MSWRR

#hl1
#npw_jul2019

Sign Up

Upcoming Events