၇ ဇူလိုင်၊ ကယား
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညွန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်း လွဲပိုင်းတွင် ကယားပြည်နယ်အတွင်းရှိ ကလေးမိဘများ၊ ကလေးသူငယ်ပြုစုစောင့်ရှောက်သူများကို ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးတို့နှင့်ပတ်သက်၍ တွေ့ဆုံရှင်းလင်းခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းနှင့် ကလေးသူငယ်ကာကွယ်စောက်ရှောက်ရေးလုပ်ငန်းများကို တစ်ပြိုင်တည်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကလေးများ၏ မိဘများ၊ မိသားစုဝင်များ၊ ကလေးများကိုပြုစုပျိုးထောင် ကာကွယ် စောင့်ရှောက်ပေးနေသူဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ် များနှင့်ပြည်သူလူ ထုတို့က သိရှိပူးပေါင်း အကောင်ထည်ဖော်ကြရန်လိုအပ်သည့်အတွက် ဖိတ်ကြားတွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ရှေးဦး အရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ကလေးသူငယ်အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်ချမှတ်ထားသော ကုလသမဂ္ဂ ကွန်ဗင်းရှင်းပါအချက်အလက်များကို အားလုံးသိရှိနားလည်သဘောပေါက်ထားရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနက ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီကဦးဆောင်၍ ဖွဲ့စည်းထားသော ကော်မတီအဆင့်ဆင့်အနေဖြင့် ရှေးဦးအရွယ် ကလေးသူငယ်များ၏ ကဏ္ဍကိုတာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးများ၏ အသက်(၈)နှစ် အထိကို ရှေးဦးအရွယ်ကလေးသူငယ် ကာလဟုသတ်မှတ်ထားပြီး ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းကမွေးဖွားသော ကလေး (၂) နှစ်အထိ ငွေကြေးထောက်ပံ့ခြင်းနှင့်အတူ အာဟာရပညာပေး၊ တကိုယ်ရည်သန့်ရှင်းရေးနှင့် မိသားစု စီမံကိန်း ပညာပေးလုပ်ငန်းစီမံချက်ကို ကယားပြည်နယ်တွင် ထည့်သွင်းအကောင်ထည်ဖော်လျက်ရှိကြောင်း ထိုစီမံ ချက်သည် ကလေးတစ်ဦး၏ ဘဝအစ ရက်ပေါင်း (၁၀၀၀) ကာလအတွင်း ဦးနှောက်ဖွံ့ဖြိုးမှု အကောင်းဆုံးဖြစ်အောင် ဖန်းတီးပေးခြင်းဖြစ်ကြောင်း၊ ထို့အပြင် (၃) နှစ်အရွယ်အထိ နေ့ကလေးထိန်းကဏ္ဍကို မိခင်ဝိုင်း တည်ထောင်ပေး ခြင်းဖြင့်လည်းကောင်း၊ (၅) နှစ်အရွယ်အထိ အစိုးရမူကြို၊ ကိုယ်ထူကိုယ်ထ မူကြို၊ ပုဂ္ဂလိကမူကြိုများ ဖွင့်လှစ်ခြင်း ဖြင့် ကလေးသူငယ်များကို ပြုစုပျိုးထောင် ကာကွယ်စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ တာဝန်ယူအကောင်အထည် ဖော်ကြသူများအနေဖြင့် လုပ်ငန်းအဆင့်အဆင့်တွင် စနစ်တကျ ကြီးကြပ်ကြရန်လိုအပ်ကြောင်း၊ တာဝန်များကို တာဝန် ယူဆောင်ရွက်ကြရန်တိုက်တွန်းပါကြောင်း၊ လိုအပ်ချက်များရှိပါက ဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားသော Hotline ဖုန်းနံပါတ် ၀၆၇- ၃၄၀၄၂၂၂၊၀၆၇-၃၄၀၄၉၉၉တို့သို့ ဆက်သွယ်၍မေးမြန်းဆွေးနွေးနိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသူများနှင့် ပါတီအသီးသီးမှ ကိုယ်စားလှယ်များက ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများ၊ ပုဂ္ဂလိကမူကြိုကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရာတွင် လိုအပ်ချက်များ၊အစိုးရက ပံ့ပိုးကူညီ စေလိုသည့်အချက်များ၊ ကလေးများကိုလိင်အကြမ်းဖက်မှုမှ ကာကွယ်ရန် နည်းလမ်းများနှင့်အရေးယူမှုဆိုင်ရာ များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊လူမှုရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ဒုတိယညွန်ကြားရေးမှူးချုပ်တို့က ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
Source: MSWRR
#hl1
#kyh_jul2019