ကျောက်ပန်းတောင်းမြို့နယ်၌ ကျောင်းသား/ ကျောင်းသူ ကလေးငယ်များအား ပဲနို့အာဟာရ တိုက်ကျွေးလှူဒါန်းခြင်း စီမံချက်စတင်ဆောင်ရွက်

7_Pic_01

 
ဇူလိုင် ၆၊ ကျောက်ပန်းတောင်း
ရွှေပါရမီပဲနို့အာဟာရ ဖောင်ဒေးရှင်း၏ မြန်မာနိုင်ငံတစ်ဝှမ်း ကျောင်းသား/ ကျောင်းသူ ကလေးငယ်များအား ပဲနို့အာဟာရတိုက်ကျွေးခြင်း စီမံချက်အရ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်း တောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၉၃) ကျောင်း၌ စီမံချက်စတင်ခြင်း အထိမ်း အမှတ်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကျောက်ပန်းတောင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချ ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် ရွှေနဒီဘုန်းတော်ကြီးသင် ပညာရေးကျောင်းဝင်းအတွင်း ရွှေပါရမီပဲနို့အာဟာရ ဖောင်ဒေးရှင်းသို့ ဦးစိုးသိန်း – ဒေါ်ဆင်နု (နဒီရွှေဝါကုမ္ပဏီ) မိသားစုက လှူဒါန်းခဲ့သည့် ပဲကုန်ကြမ်း သန့်စင်ကြိတ်ခွဲစက်အား ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူတစ်ဦးက ပဲနို့ထုတ်လုပ်ပုံအဆင့်ဆင့်ကို ရှင်းလင်းပြသခဲ့ပါသည်။
ထို့နောက် ရွှေပါရမီပဲနို့အာဟာရဖောင်ဒေးရှင်း၏ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျောင်းသား / ကျောင်းသူ ကလေးငယ်များအား ပဲနို့အာဟာရ တိုက်ကျွေးလှူဒါန်းခြင်း စီမံချက်စတင်ခြင်း အထိမ်း အမှတ် အမှတ်တရနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဝါးပင်မျိုးစုံကို ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွှန်ကြားရေး မှူးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ရွှေပါရမီပဲနို့အာဟာရ ဖောင်ဒေးရှင်းဥက္ကဌ ဦးရှိန်ဝင်းနှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းဝင်းအတွင်း သတ်မှတ်နေရာအသီးသီးတွင် စိုက်ပျိုးပေးခဲ့ကြပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ကျောက်ပန်းတောင်းမြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် ရွှေပါရမီပဲနို့အာဟာရ ဖောင်ဒေးရှင်း၏ မြန်မာနိုင်ငံတစ်ဝှမ်း ကျောင်းသား/ ကျောင်းသူ ကလေးငယ်များအား ပဲနို့အာဟာရတိုက်ကျွေးခြင်း စီမံချက်အရ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ( ၂၉၃) ကျောင်းမှ ကျောင်းသား/ ကျောင်းသူကလေးငယ် (၃၀,၀၀၀)ကျော်အား ပဲနို့အာဟာရ တိုက်ကျွေး နိုင်ရေး အခမ်းအနားသို့တက်ရောက်ခဲ့ကြပြီး ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ကလေးငယ်များအား ပဲနို့အာဟာရတိုက်ကျွေးခြင်းသည် ကိုယ်ခန္ဓာကျန်းမာ သန်စွမ်းရန်နှင့် ဦးနှောက်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အထောက်အကူပြုပါကြောင်း၊ အသက်(၈)နှစ် အရွယ်အထိ ကလေး ငယ်များအားလုံး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရန်နှင့် ဦးနှောက်ဖွံ့ဖြိုး တိုးတက်ရန် အတွက် နိုင်ငံတိုင်းတွင် အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံ အားပေးဆောင်ရွက်နေချိန်လည်း ဖြစ်ကြောင်း၊ ယနေ့ ကျောင်းပန်းတောင်းမြို့၌ ပဲနို့အာဟာရ တိုက်ကျွေးခြင်းစီမံချက် လုပ်ငန်းအဆင့်ဆင့် တွင် ပါဝင် ဆောင်ရွက်ကြသော အလှူရှင်များ၊ အဖွဲ့အစည်းများကို ပညာရေးဝန်ကြီးဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဆောင်ရွက်နေသည့် ကိုယ်ဝန်ဆောင် မိခင်နှင့်၎င်းမှမွေးဖွားလာသော ကလေး၏ ရက်ပေါင်း(၁၀၀၀)ကာလအတွင်း အာဟာရဖွံ့ဖြိုးမှုကို စနစ်တကျဆောင်ရွက်ပေးနေသော စီမံချက်သည် အလွန်အရေးပါပါကြောင်း၊ ကလေးငယ်များ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ပြီး ဦးနှောက်ဖွံ့ဖြိုးမှသာ ၎င်းတို့သင်ယူလိုသည့်အရာများကို သင်ယူရာ၌ လွယ်ကူသက်သာ စေမှာ ဖြစ်ပါကြောင်း၊ ထို့အတွက် ယခုပဲနို့တိုက်ကျွေးခြင်းလုပ်ငန်း ရေရှည်တည်တံ့ အောင်မြင်အောင် ဆရာ/ ဆရာမများ၊ မိဘများနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်း ပေးကြရန် တိုက်တွန်းပါကြောင်း၊ ကလေးငယ်များအား (၂၁)ရာစုတွင် အသက်ရှင်ကြီးပြင်းရမည် ဖြစ်သဖြင့် ကျန်းမာသန်စွမ်းမှုမရှိခြင်း၊ ဖွံဖြိုးမှုနောက်ကျခြင်းများဖြစ်ပါက နိုင်ငံ၏အနာဂတ်ကို တောက်ပအောင် ဆောင်ရွက်ပေးရန် ခက်ခဲ နိုင်သဖြင့် ယခုကဲ့သို့ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းပြီး ဦးနှောက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးနေခြင်းဖြစ်ပါ ကြောင်း၊ ယနေ့ပညာရေးစနစ်သည် စဉ်းစား တွေးခေါ်မှုများပါဝင်ပြီး သင်ယူသူကို ဗဟိုပြုသည့်စနစ်ကို ပြောင်းလဲဆောင်ရွက်နေပါကြောင်း၊ သင်ထောက်ကူ ပစ္စည်းများလည်း ပံ့ပိုးပေးပါကြောင်းနှင့် စာမေးပွဲ ဖြေဆိုသည့်စနစ်ကို အားမပေးဘဲ ကျောင်းသုံးဖတ်စာအုပ်အဖြစ် ကျောင်းစာသင်ခန်းအတွင်း သင်ယူ လေ့လာခြင်းသည် အကျိုးကျေးဇူး ပိုမိုရရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ကလေးငယ်များ၏ အနာဂတ်လှပမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိရန်နှင့် ဆန်းသစ်တီထွင်နိုင်စွမ်း ရှိသူများ ဖြစ်ပေါ်လာစေရေး ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြား ခဲ့ပါသည်။
ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ရှေးဦးအရွယ်ကလေးဆိုသည်မှာ မွေးစမှ အသက်(၈) အထိ ကလေးငယ်များအားလုံး အကျုံးဝင်ပါကြောင်း၊ ကလေးငယ်များတွင် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုး တိုးတက်ခွင့်၊ ပါဝင်ခွင့်နှင့် ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်များရှိပါကြောင်း၊ ထိုအခွင့်အရေးများကို ဖော်ဆောင်ပေးနိုင်ရန် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများဖြင့် ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီများကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ထိုကော်မတီများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရာတွင် ကလေးသူငယ်များ၏ အခွင့်အရေး များကို အပြည့်အဝ ဖော်ဆောင်ရန် မိဘများ၊ မိသာစုဝင်များ၊ ဆရာ/ ဆရာမများ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူလူထု အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် လုပ်ငန်းတာဝန်များကို ဖော်ဆောင်ရာ တွင် အရပ်အဖွဲ့အစည်းများ ဖောင်ဒေးရှင်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနကချမှတ်ထားသော လူမှုကာကွယ်စောင့်ရှောက် ရေးမဟာဗျူဟာစီမံကိန်း (၈)ရပ် တွင် ကျောင်းတွင်းအာဟာရ တိုက်ကျွေးခြင်းလုပ်ငန်းစဉ်ပါဝင်ကြောင်း၊ ယခုအခမ်းအနားသည် ထိုလုပ်ငန်း စဉ်အရ အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း၊ ယခုအခမ်းအနားတွင် အစိုးရ၊ လွှတ်တော်၊ လူမှုအဖွဲ့ အစည်းများ၊ ဖောင်ဒေးရှင်းများ၊ ပြည်သူများစုံညီစွာပါရှိသည့်အတွက် ဝန်ကြီးဌာန၏ ရည်မှန်းချက် အောင်မြင်ပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ပေးကြသူအားလုံးကို ကျေးဇူးတင်ပါကြောင်း ပြန်လည် ပြောကြားခဲ့ပါသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က မန္တလေးတိုင်းဒေသကြီး အစိုးရအနေဖြင့် နို့တိုက်ကျွေးခြင်း အစီအစဉ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ကျောက်ပန်း တောင်းမြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း (၂၉၃)ကျောင်းကို ပဲနို့အာဟာရ တိုက်ကျွေးနိုင်ရေး ဆောင်ရွက်ပေးခြင်းအတွက် ကျေးဇူးတင်ပါကြောင်းနှင့် ရေရှည်တည်တံ့နိုင်ရေးအတွက် အားလုံးပူးပေါင်း ပါဝင်ပေးကြရန် တိုက်တွန်းပြောကြားပါသည်။ ဆက်လက်၍ ရွှေပါရမီပဲနို့အာဟာရ ဖောင်ဒေးရှင်း ဥက္ကဌဦးရှိန်ဝင်းက ပဲနို့အာဟာရ၏ အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူ (၁၅၀၀)ကျော်အား ပဲနို့အာဟာရကို တိုက်ကျွေးခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ် များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များနှင့် အရပ်ဖက်လူမှု အဖွဲ့ အစည်းများမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ များနှင့် မိဘများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#mdy_jul2019

Sign Up

Upcoming Events