
ပဋိပက္ခအတွင်းအမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၉) ကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ အဆိုပါကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆွေးနွေး အမှာစကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံတွင် ပဋိပက္ခများအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးမှာ ဒုတိယအကြိမ် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် အမျိုးသမီးများနှင့်ပတ်သက်လျှင် ပဋိပက္ခများအတွင်း အကြမ်းဖက်မှုကိစ္စများသာမကဘဲ အမျိုးသမီးများ၏အခွင့်အရေးများကို ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးက လူ့အခွင့်အရေးနှင့်ပတ်သက်၍ တင်သွင်းသည့် အစီရင်ခံစာများတွင် မိမိတို့နိုင်ငံကလည်း ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများနှင့်ပတ်သက်၍ တုံ့ပြန်ကာကွယ် ဆောင်ရွက် ရာတွင် လိုအပ်သည့် မူဝါဒစံနှုန်းများဖြင့် အကောင်းဆုံး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းစီမံချက်ထွက်ပေါ်လာရန် နိုင်ငံတော်က အမျိုးသားအဆင့်ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ပထမအကြိမ် အစည်းအဝေးကို ဧပြီလ(၃)ရက်နေ့တွင် ကျင်းပခဲ့ပါကြောင်း၊ အစည်းအဝေး ဆုံးဖြတ်ချက်အရ ရေးဆွဲထားသည့် လုပ်ငန်းစီမံချက်(မူကြမ်း)အပေါ် ဌာနဆိုင်ရာအသီးသီး၏ သဘောထားမှတ်ချက်များ စုံလင်အောင် စုစည်းပြီး ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့ကျင်းပရခြင်းဖြစ်ပါကြောင်း၊ အမျိုးသားအဆင့်ကော်မတီ ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်အရ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော လုပ်ငန်းကော်မတီ ကို သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးများဖြင့် ဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်း ကော်မတီ၏ လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများက ပေးပို့လာသည့် သဘောထားမှတ်ချက်များနှင့်အညီ ပြင်ဆင်ထားသည့် လုပ်ငန်းစီမံချက်(မူကြမ်း)အပေါ် ဖြည့်စွက်သင့်သည့် အချက်များ၊ နဂိုရှိပြီးသားမှ ထုတ်ပယ် သင့်သည့်အချက်များ၊ ထပ်မံထည့်သွင်းရန် ဆွေးနွေးခြင်းများကို တက်ရောက်လာသူများအနေဖြင့် ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ခရီးစဉ်အတွင်း Joint Communique လုပ်ငန်းစီမံချက် ရေးဆွဲရာတွင် လိုအပ်သည့်အကူအညီပေးရန် နေပြည်တော်ရှိ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ရုံးနှင့် UN Country Team တို့အနေဖြင့် မြန်မာအစိုးရနှင့်ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးရုံး၏ပံ့ပိုးမှုဖြင့် UNFPA က ကုလသမဂ္ဂ၏ Focal Point အဖြစ် ဆောင်ရွက်သွားမည်ဟု သိရှိရပါကြောင်း၊ အစိုးရက ဦးဆောင်သော လုပ်ငန်းစီမံချက်ရေးဆွဲရေး လုပ်ငန်းစဉ်တွင် ကုလသမဂ္ဂဘက်မှလည်း အကူအညီအကြံဉာဏ်များရယူသွားနိုင်ရေးအတွက် ကော်မတီက ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အစည်းအဝေးတက်ရောက် လာသူများအနေဖြင့် မိမိတို့၏ အမြင်သဘောထားများကို ပွင့်ပွင့်လင်းလင်းဆွေးနွေး ပေးစေလို ပါကြောင်း ပြောကြားပါသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်လာကြသော ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ်၊ ကော်မတီအဖွဲ့ဝင်များ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများက သက်ဆိုင်ရာဌာန/ အဖွဲ့အစည်း များမှပေးပို့လာသည့် သဘောထားမှတ်ချက်များနှင့်အညီ ပြင်ဆင်ထားသည့် လုပ်ငန်းစီမံချက် (မူကြမ်း)အပေါ် ဖြည့်စွက်သင့်သည့်အချက်များ၊ နဂိုရှိပြီးသားမှ ထုတ်ပယ်သင့် သည့်အချက်များ၊ ထည့်သွင်းဆောင်ရွက်သင့်အချက်များအား အကြံပြု ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါ သည်။