ပြည်ထောင်စုဝင်ကြီးဒေါက်တာဝင်းမြတ်အေး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီအတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ ဒေသခံများနှင့်တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုသတင်း

ဇွန်၃၀၊နေပြည်တော်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီအတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ ဒေသခံများနှင့် တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်နှင့် ဘေးဖြစ်ပွားပါက အလျင် အမြန်တုံ့ပြန်နိုင်ရေး၊ အမြန်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုနှင့် အတူ ပြည်သူများကိုယ်တိုင်သိရှိနားလည်ပြီး ကြိုတင်ပြောင်းလဲဆောင်ရွက်ရန် လိုအပ်သည့်အတွက် အရပ်ဖက်အဖွဲ့အစည်းများ၊ သဘာဝဘေး ကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့အစည်းများ၊ ဒေသခံပြည်သူ များနှင့် အတူထိရောက်သော ချိတ်ဆက်မှုဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအနေဖြင့် ပံ့ပိုးထောက်ပံ့မှုများဆောင်ရွက်ပါကြောင်း၊ သဘာဝဘေးကြိုတင်ပြင်ဆင်မှုအပိုင်းတွင် ရင်းနှီးမြုပ်နှံခြင်းသည် ပြည်သူ့အတွက် အကျိုးအမြတ် သေချာ မည့် ရင်းနှီးမြုပ်နှံမှုဖြစ်ပါကြောင်း၊ သဘာဝဘေးနှင့်ပတ်သက်၍ သတင်းပေးသတင်းယူဆောင်ရွက်ရာတွင် ပိုမိုပီပီပြင်ပြင်ဆောင်ရွက်နိုင်ရန် DAN Mobile Application ကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အသုံးပြုဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
နေပြည်တော်ကောင်စီဝင်ဦးအောင်မြင်ထွန်းက သဘာဝဘေးအန္တရာယ် ဖြစ်ပွားလျှင် ကြိုတင်ပြင် ဆင်မှုအပိုင်း၊ ဖြစ်ပွားလျှင်တုံ့ပြန်ဆောင်ရွက်မည့်အပိုင်း၊ ဖြစ်ပွားပြီးလျှင် ပြန်လည်ထူထောင်ရေး ဆောင်ရွက်မည့်အပိုင်းတို့နှင့်ပတ်သက်၍လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေတွင် လေဘေးနှင့် မီးဘေးတို့ကို အထူးအလေးထားဆောင်ရွက်ရပါကြောင်း၊ ရေဘေးကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ပေါင်းလောင်းချောင်း၊ ဆင်သေချောင်း၊ ငလိုက်ချောင်းတို့ ရေစီးကောင်းမွန်ရန်နှင့် ကမ်းပါးပြိုကာကွယ်ရေး အတွက် ကျောက်စီမြေထိန်းနံရံတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားပါကြောင်း၊ သဘာဝဘေး လျော့ပါးရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ထားရှိပါကြောင်း၊ ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး ကြိုတင်ကာကွယ်မှုအပိုင်းများကို ဦးစားပေးလုပ်ငန်းများအဖြစ် စီမံကိန်းရေးဆွဲဆောင်ရွက် ပါကြောင်း၊ သောက်သုံးရေရှားပါးမှုများအတွက် သောက်သုံးရေလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း ရှင်းလင်းပြောကြားပါသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးမှ ဦးစီးမှူးက DAN Mobile Application အသေးစိတ်အသုံးပြုမှုနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်း တင်ပြပြီး DAN Mobile Application မိတ်ဆက်ဗီဒီယိုဖိုင်အားပြသခဲ့ပါသည်။
ဆက်လက်ပြီး ဆွေးနွေးပွဲတက်ရောက်လာသူများက ရေရှည်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း နိုင်ရန် လူတစ်ဦးသစ်တစ်ပင်နှုန်း သစ်ပင်စိုက်ပျိုးရေးနှင့် ပလပ်စတစ်အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်မှု ကြောင့်မြေဆီလွှာပျက်စီးသည့်အတွက် စနစ်တကျ စည်ကမ်းထိန်းသိမ်းပေးစေလိုပါကြောင်း အကြံပြု တင်ပြခြင်း၊ ဝန်ကြီးဌာနအနေဖြင့်မြို့နယ်အလိုက် ပရဟိတကွန်ယက်များအား ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ရေးအတွက် ရက်တိုသင်တန်းများပို့ချပေးရေးနှင့် တွေ့ဆုံပွဲများမကြာခဏပြုလုပ်ပေးနိုင်ရေးကို မေးမြန်း ဆွေးနွေးကြရာ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အနေဖြင့်အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန် ရည်ရွယ်သည့် တွေ့ဆုံပွဲဖြစ်၍ အောင်မြင်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မည့်သူများ၊ ပြည်သူနှင့် အနီးစပ်ဆုံးဖြစ်သော အရပ်ဖက်အဖွဲ့အစည်းများသည် စွမ်းဆောင်ရည်မြင့်မားရန် လိုအပ်သည့် အတွက် အစိုးရအနေဖြင့် လက်တွေ့သင်တန်းများပို့ချဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ အရပ်ဖက်လူမှု အဖွဲ့ အစည်းများအနေဖြင့်မိမိတို့ဝန်ကြီးဌာနက ဖွင့်လှစ်ထားသောဟင်္သာတမြို့ရှိ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် နေထိုင်စားသောက်စရိတ်နှင့် သင်တန်းကြေးတို့ကို အစိုးရ အထောက်အပံ့ဖြင့် တက်ရောက်နိုင်ပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပြည်သူအားလုံး အထောက်အပံ့ များကို သာတူညီမျှရရှိရေးဆောင်ရွက်ရာတွင် အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ အရပ်ဖက်လူမှုအဖွဲ့ အစည်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် ဒေသခံများက ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရပါသည်။

Source:MSWRR

#hl1
#npw_jul2019

Sign Up

Upcoming Events