ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး နေပြည်တော်ကောင်စီနယ်မြေအတွင်း ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း

ဇွန် ၃၀၊ နေပြည်တော်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီအတွင်းရှိ ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေးဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ နေပြည်တော် ကောင်စီဝင်ဦးအောင်မြင်ထွန်း၊ နေပြည်တော်အတွင်းရှိ ကလေးမိဘများ၊ ကလေးပြုစု စောင့်ရှောက်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီအတွင်းရှိ မိဘများ၊ မိသားစုဝင်များနှင့် တွေ့ဆုံသည့် အခမ်းအနားဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့်လတ်တလော ပြည်သူ လိုအပ်ချက်ဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓါတ်အားရရှိရေး၊ ကျန်းမာရေး၊ ပညာရေး၊ အလုပ် အကိုင်အခွင့်အလမ်းများရရှိအောင် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရေရှည်တွင် စွမ်းရည် ပြည့်ဝပြီးအရည်အချင်းရှိသော လူသားအရင်းအမြစ် ဖြစ်ပေါ်လာအောင် ရှေးဦးအရွယ် ကလေးသူငယ် ဘဝမှစတင်ပြုစုဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လူတစ်ယောက်၏ ဦးနှောက်ဖွံ့ဖြိုးမှုသည် ကလေးငယ်၏ ရက်ပေါင်းတစ်ထောင်အတွင်းသာဖြစ်သည့်အတွက် ထိုအချိန်အတွင်း စနစ်တကျပြုစုစောင့်ရှောက်ရန် မိဘများ၏တာဝန်ပင်ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ဘဝဖွံ့ဖြိုးတိုးတက်အောင် တာဝန်ယူ ဆောင်ရွက်နေသော မိမိတို့ဝန်ကြီးဌာနအနေဖြင့် မိဘများကိုပညာပေးရန် ဝန်ထမ်းများကိုယ်တိုင် စွမ်းဆောင်ရည်မြင့်အောင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပြည်သူများ အကျိုး ခံစား ခွင့်ဖော်ဆောင်ရာတွင် ပြည်သူအကျိုးဖြစ်ထွန်းမည့် ကဏ္ဍများကို ပြောင်းလဲအောင် ဖော်ဆောင် လျက်ရှိပါကြောင်း၊ အစိုရဘဏ္ဍာငွေသည် ပြည်သူများ၏ ငွေများဖြစ်၍ ငွေကြေးထောက်ပံ့ခြင်းကို အလေလွင့် မရှိအောင်ဆောင်ရွက်ရပါကြောင်း၊ အစိုးရကဆောင်ရွက်လျက်ရှိသော နေ့ကလေးထိန်း ဂေဟာများ၊ အစိုးရမူကြိုကျောင်းများသည် တစ်နှစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေအတွက် အလွန် နည်းပါးပြီး လိုအပ်ချက်များရှိပါကြောင်း၊ အစိုးရအနေဖြင့် ကိုယ်ထူကိုယ်ထ မူကြိုကျောင်းများ၊ မိခင်ဝိုင်းများ ကိုငွေကြေးထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပါကြောင်း၊ ယခုဖြန့်ဝေထားသော သုံးနှစ်အောက် ရှေးဦး အရွယ်ကလေးသူငယ်များ ပြုစုစောင့်ရှောက်မှု လမ်းညွှန်လက်ကမ်းစာစောင်သည် ဦးနှောက်ဖွံ့ဖြိုး တိုးတက်မှုအတွက် လိုအပ်သည့်အချက်များ ထည့်သွင်းထားသည့်အတွက် ကလေးမိဘများအတွက် များစွာဗဟုသုတရရှိမည်ဖြစ်ပါကြောင်း၊ မိဘများနှင့်မိ သားစုဝင်များသည် သုံးနှစ်အောက် ကလေးငယ် များကို ပုံမှန်ဖွံ့ဖြိုးမှုရှိမရှိဆန်းစစ်နိုင်ပြီး ပုံမှန်မဟုတ်ပါက စောလျင်စွာ သိရှိပြုပြင်စောင့်ရှောက်ကုသခြင်း ဖြင့်မသန်စွမ်းမှုဖြစ်ခြင်းကို လျော့ချနိုင်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက်တက်ရောက်လာသည့် မိဘများကသိရှိလိုသည်များကို မေးမြန်းရာရှေးဦးအရွယ် ကလေး သူငယ်စောင့်ရှောက်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ မသန်စွမ်းကလေးများ ပညာသင်ကြားရမှုနှင့် ပတ်သက်၍လည်းကောင်း၊ အကြာအာရုံချို့တဲ့ မသန်စွမ်းများအတွက် ပိုမိုအလေးထားပူးပေါင်း ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်အားလည်းကောင်း၊ အိမ်အခြေပြုနေ့ကလေးထိန်း မိခင်ဝိုင်းထူထောင် ရန်လိုအပ်မည့် သင်တန်းနှင့် နည်းစနစ်များသင်ကြားပေးနိုင်ရန် ကိစ္စကိုလည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီးနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီရှိ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုး ထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ အစည်းဝေးတွင် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ကောင်စီနယ်မြေ အတွင်းဖြစ်ပေါ်လျက်ရှိသော ကလေးသူငယ်အကြမ်းဖက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ မိမိတို့ဝန်ကြီးဌာန အနေဖြင့်ဖြစ်စဉ်ဖြစ်ပွားသည့်နေ့မှစ၍ ယနေ့အချိန်ထိအထူးအလေးထား၍ ဝန်ကြီးဌာန၏ တာဝန်၊လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ လူမှုဝန်ထမ်းဦးစီးဌာနက စိစစ်ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မူလတန်း ကြိုကျောင်းများတွင် အသက် (၃) နှစ်မှ (၅) နှစ်အထိကိုသာ လက်ခံဆောင်ရွက်ရန် ထုတ်ပြန်ထား ကြောင်း၊ ကျောင်းဖွင့်ခွင့်ပြုမိန့်မရရှိမီ ကာလအတွင်းဖွင့်လှစ်ခြင်းမပြုရန် ထုတ်ပြန်ထားကြောင်း၊ ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဒုတိယဝန်ကြီး၊ နေပြည်တော် ကောင်စီဝင်နှင့် တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

#hl1
#npw_jul2019

Source: MSWRR

Sign Up

Upcoming Events