သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိအရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့အစည်းများ၊ဒေသခံများနှင့်ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတွေ့ဆုံ

ဇွန် ၂၉၊ ရန်ကုန်

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီး၊တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌနှင့်တာဝန်ရှိသူများလိုက်ပါလျက်ယနေ့မွန်းလွဲပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတွင်ကျင်းပပြုလုပ်သောဘဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊သဘာဝဘေးကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့အစည်းများ၊ဒေသခံများနှင့်တွေ့ဆုံညှိနှိုင်းပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးကမိမိတို့အစိုးရအနေဖြင့်ပြည်သူ့အကျိုးအတွက်ကောင်းမွန်သောအပြောင်းအလဲများကိုဖော်ဆောင်လျက်ရှိကြောင်း၊အစိုးရ၏ဆောင်ရွက်မှုတိုင်းတွင်အမြဲတမ်းပါဝင်ဆောင်ရွက်ပေးလျက်ရှိသောလူမှုအဖွဲ့အစည်းများကိုကျေးဇူးတင်ရှိပါကြောင်း၊ကမ္ဘာ့ရာသီဥတုအပြောင်းအလဲကြောင့်ရာသီဥတုပြောင်းလဲမှုဒဏ်ကိုမြန်မာနိုင်ငံအနေဖြင့်ပုံမှန်ခံစားရမည်ဖြစ်ကြောင်း၊ယခုနှစ်နွေရာသီတွင်ရာသီဥတုပြောင်းလဲမှုကြောင့်အပူချိန်မှာယခင်နှစ်များထက်ပိုမိုမြင့်တက်လာသည်ကိုတွေ့ရှိရပါကြောင်း၊ယခင်ကတစ်လလျှင်ပျမ်းမျှ တစ်ရက်နှစ်ရက်ခန့်သာအပူချိန်လွန်ကဲရာမှယခုနှစ်တွင်တစ်လအတွင်း၁၇ရက်အထိအပူချိန်လွန်ကဲခဲ့ကြောင်း၊မုတ်သုန်ဝင်ရောက်မှု နောက်ကျခြင်းမိုးတွင်းကာလတိုတောင်းခြင်းတို့ကြောင့်မိုးဦးကာလနှင့်မိုးနှောင်းကာလများလည်းရက်ရှည်သွားကြောင်း၊ထိုအခါတိမ်တောင်များပိုမိုဖြစ်ပေါ်ပြီးလေပြင်းတိုက်ခြင်း၊မိုးသီးကြွေခြင်း၊မိုးကြိုးပစ်ခြင်းများပိုမိုဖြစ်ပွားလာသည်ကိုတွေ့ရှိရကြောင်း၊ယခင်ကမုန်းတိုင်းများ၃နှစ်တစ်ကြိမ်ခန့်သာဖြစ်ပွားရာမှယခုအခါနှစ်စဉ်ဖြစ်ပေါ်လျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ရာသီဥတုပြောင်းလဲမှုများကိုမည်ကဲ့သို့တုန့်ပြန်ဆောင်ရွက်ရမည်ကိုပြည်သူများကသိရှိရန်အရေးကြီးကြောင်း၊သဘာဝဘေးအန္တရာယ်ကြောင့်ဆုံးရှုံးမှုလျော့နည်းအောင်ဆောင်ရွက်ရာတွင်လူ့အသက်သေဆုံးမှု နည်းနိုင်သမျှနည်းအောင်ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကိုဒုတိယသမ္မတ(၂) ကဦးဆောင်လျက်ရှိပြီးတိုင်းဒေသကြီး၊ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကြောင်း၊လူမှုအဖွဲ့အစည်းများ၊ပရဟိတအဖွဲ့အစည်းများ၊ဖောင်းဒေးရှင်းများအနေဖြင့်ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ရန်ကုန်တိုင်းဒေသကြီးအတွင်းလူဦးရေသိပ်သည်းမှုများပြားပြီးအထပ်မြင့်အဆောက်အဦးများ၊အလုပ်ရုံ၊စက်ရုံများများစွာတည်ရှိသည်ကိုတွေ့ရှိရပါကြောင်း၊လေအေးပေးစက်အသုံးပြုမှုများ၍ထုတ်လွှတ်သောဓါတ်ငွေ့များ၊စက်ရုံအလုပ်ရုံကထုတ်လွှတ်သောအညစ်အကြေးများ၊လူများစွန့်ပစ်သောအမှိုက်များ၊မော်တော်ယာဉ်များကထုတ်လွှတ်သောမီးခိုးငွေ့များသည်သဘာဝပတ်ပန်းကျင်ထိခိုက်ခြင်းနှင့်လေထုညစ်ညမ်းခြင်းများဖြစ်ပေါ်နေကြောင်း၊ငလျင်ဘေးနှင့်ပတ်သက်၍လည်းကြိုတင်ပြင်ဆင်ဇာတ်တိုက်လေ့ကျင့်ခန်းများဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုအနှောက်အယှက်ဖြစ်စေမည့်လူကြောင့်ဖြစ်သောဘေး၊သဘာဝဘေးများကိုကြိုတင်ကာကွယ်နိုင်ကြရန်လိုအပ်ကြောင်း၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏အခန်းကဏ္ဍသည်အရေးကြီးသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုသည်လည်းအလွန်အကျိုးရှိပါကြောင်း၊ထိရောက်သောချိတ်ဆက်ပူးပေါင်းမှုများတိုးမြှင့်ဆောင်ရွက်ပေးကြရန်ပြောကြားခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းကတိုင်းဒေသကြီးအတွင်းသဘာဝဘေးနှင့်ပတ်သက်၍ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများ၊ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ရှေ့လုပ်ငန်းစဉ်များကိုတင်ပြဆွေးနွေးခဲ့ပါသည်။

ထို့နောက်တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှူးက Disaster Alert Notification(DAN) mobile application နှင့်ပတ်သက်၍တက်ရောက်လာသူများအားရှင်းလင်းတင်ပြပါသည်။ DAN application သည်သဘာဝဘေးနှင့်ပတ်သက်၍သတင်းအချက်အလက်များပြည်သူများသို့ပေးပို့ခြင်း၊သဘာဝဘေးခံစားရရှိမှုများကိုပြည်သူများထံမှပြန်လည်သတင်းရယူခြင်းတို့ကိုဆောင်ရွက်နိုင်ပြီးတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်အသုံးပြုနိုင်ရေးကြိုးပမ်းလျက်ရှိကြောင်းဆွေးနွေးတင်ပြခဲ့ပါသည်။

ထို့နောက်တက်ရောက်လာကြသောလူမှုအဖွဲ့အစည်းများကမှန်ကန်သောဘေးအန္တရာယ်သတင်းရရှိရေးနှင့်ကူညီထောက်ပံ့မှုများတွင်အပို၊အလိုကိုညှိနှိုင်းဆောင်ရွက်ရေး၊ဘေးဒဏ်ခံစားရသောသူများအားလုံးသာတူညီမျှရရှိရေး၊ရှာဖွေကယ်ဆယ်ရေးသင်ရိုးပြဌာန်းပေးနိုင်ရေး၊ကျွမ်းကျင်လုပ်ငန်းများအလိုက်မှတ်ပုံတင်ကတ်ထုတ်ပေးနိုင်ရေး၊ရှာဖွေကယ်ဆယ်ရေးဝတ်စုံသတ်မှတ်ပေးနိုင်ရေး၊သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်း၊သဘာဝဘေးလျှော့ချရေးသင်းတန်းများပိုမိုသင်ကြားပေးနိုင်ရေး၊မြို့နယ်အဆင့်ကော်မတီတွင်အရပ်ဖက်လူမှုအဖွဲ့အစည်းများပါဝင်နိုင်ရေး၊အရပ်ဖက်လူမှုအဖွဲ့အစည်းများပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးတင်ပြဆွေးနွေးကြရာဘေအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနညွန်ကြားရေး မှူးချုပ်ကပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ရာပြည်ထောင်စုဝန်ကြီးကမိမိတို့အနေဖြင့်တင်ပြချက်များအရလိုအပ်ချက်များကိုအမြန်ဆုံးပြန်လည်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ပူးပေါင်းဆောင်ရွက်မှုများအတွက်လည်းကျေးဇူးအထူးပင်တင်ရှိပါကြောင်းနိဂုံးချုပ်ပြောကြားခဲ့ပြီးမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ဲကြကြောင်းသိရှိရပါသည်။

Sign Up

Upcoming Events