ဇွန်၂၈ရန်ကုန်
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည်ယနေ့နံနက်ပိုင်းတွင်လူမှုဝန်ထမ်းဦးစီးဌာနညွန်ကြားရေးမှူးချုပ်ဒေါက်တာစန်းစန်းအေး၊ပြန်လည်ထူထောင်ရေးဦးစီးဌာနညွန်ကြားရေးမှူးချုပ်ဦးဝင်းနိုင်ထွန်းတို့နှင့်အတူမသန်စွမ်းသူများအဖွဲ့ချုပ်မှယာယီဥက္ကဌနှင့်တာဝန်ရှိသူများနှင့်ရန်ကုန်တိုင်းဒေသကြီး၊လူမှုဝန်ထမ်းရုံးတွင်ယနေ့နံနက်ပိုင်းကတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင်ပြည်ထောင်စုဝန်ကြီးကမသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီစတုတ္ထအကြိမ်အစည်းအဝေးတွင်ဆောက်လုပ်ရေးဝန်ကြီးဌာနမှတင်ပြခဲ့သည့်နေပြည်တော်ရှိရေပန်းဥယျာဉ်နှင့်မြို့မဈေးတို့တွင်မသန်စွမ်းသူများအလွယ်တကူသွားလာဆောင်ရွက်ချိန်တွင်စီမံကိန်း(၂)ရပ်အကောင်အထည်ဖေါ်ရန်လိုအပ်သည့်အကြံဉာဏ်များရယူနိုင်ရေးအတွက်မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်နှင့်တွေ့ဆုံညှိနှိုင်းရခြင်းဖြစ်ပါကြောင်း၊လက်ရှိတွင်နိုင်ငံတော်အစိုးရအနေဖြင့်မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးနှင့်အခွင့်အရေးတို့ကိုဆောင်ရွက်ပေးနေရာတွင်တိုးတက်ပြောင်းလဲမှုများတွေ့ရှိနေရသော်လည်းအောက်ခြေအဆင့်အတွက်မသန်စွမ်းသူများအတားအဆီးမရှိသွားလာနိုင်ရေးကိုဖြည့်ဆည်းပေးရန်လိုအပ်လျက်ရှိပါကြောင်း၊ထို့ကြောင့်လည်းနေပြည်တော်တွင်စံပြအနေဖြင့်ဖန်တီးတည်ဆောက်နိုင်ရေးစီမံကိန်း(၂)ရပ်ကိုဆောင်ရွက်လိုခြင်းဖြစ်ပါကြောင်း၊ဆောင်ရွက်ပြီးစီးပါကအခြားတိုင်းဒေသကြီး/ပြည်နယ်တို့တွင်နမူနာထား၍ဆောင်ရွက်နိုင်ရန်ပြသသွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ယာယီဥက္ကဌနှင့်အထွေထွေအတွင်းရေးမှူးတို့မှမြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှနည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်တို့ကိုကူညီသွားမည်ဖြစ်ပါကြောင်း၊သန်စွမ်းသူမသန်းစွမ်းသူဟူ၍မခွဲခြားပဲအားလုံးအဆင်ပြေစေမည့် Universal Design ကိုပြုပြင်ပြောင်းလဲပြီးတီထွင်၍Universal Designကိုနေရာတိုင်းတွင်အသုံးချဆောင်ရွက်သွားရန်လိုပါကြောင်း၊မသန်စွမ်းမှုအမျိုးအစားအလိုက်ဖန်တီးလုပ်ဆောင်ပေးသင့်သည့်စံသတ်မှတ်ထားသောအချက်တို့ကိုလည်းပံ့ပိုးပေးမည်ဖြစ်ပါကြောင်းဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ဂျပန်နိုင်ငံအခြေစိုက်KyoshinCo.ltdမှတာဝန်ရှိသူများနှင့်တွေ့ဆုံရာတွင်KyoshinCo.ltdမှ Advisor Prof. Kiryu Minoru ကမိမိတို့အနေဖြင့်(၁၉၉၉)ခုနှစ်မှစတင်ကာယခုအထိစုစုပေါင်းအမေရိကန်ဒေါ်လာ (၄) သိန်းကျော်လှူဒါန်းခဲ့ပြီးဖြစ်ပါကြောင်း၊ (၂၀၁၇) ခုနှစ်တွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်သူများလေ့ကျင့်မွေးထုတ်ပေးရေးအတွက်နည်းပညာဆိုင်ရာပူပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးကာ Care Giver Training မှထွက်ပေါ်လာသောသင်တန်းဆင်းများကိုဂျပန်ဘာသာရပ်သင်ကြားပေးခြင်းနှင့်အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးသင်တန်းအတွက်သင်တန်းခန်းမပြုပြင်မွမ်းမံခြင်း၊သင်ထောက်ကူပစ္စည်းများပံ့ပိုးပေးခြင်း၊သင်တန်းနည်းပြဆရာများစေလွှတ်၍နည်းပညာအထောက်အပံ့များကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်သူများပိုမိုမွေးထုတ်ပေးနိုင်ရန်သင်တန်းကျောင်းအဆောက်အဦအသစ်ဆောက်လုပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း၊အဆောက်အဦပြီးစီးသွားပါကတစ်နှစ်လျှင်သင်တန်းသား (၁၅၀)ဦးကိုမွေးထုတ်ပေးနိုင်မည်ဖြစ်ပြီးအလုပ်အကိုင်အခွင့်အလမ်းများလည်းရှာဖွေပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးကသက်ကြီးရွယ်အိုလူဦးရေများပြားလားသည်နှင့်အမျှအိုမင်းမစွမ်းသက်ကြီးများအတွက်ကျွမ်းကျင်စွာပြုစုစောင့်ရှောက်သူများလိုအပ်လျက်ရှိရာဝန်ကြီးဌာနအနေဖြင့်သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်သူသင်တန်းအား (၂၀၁၅) ခုနှစ်မှစတင်၍ (၈)ကြိမ်မြောက်ဖွင့်လှစ်ပေးလျက်ရှိပြီးသင်တန်းသားသင်တန်သူ (၂၁၁)ဦးကိုမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊၎င်းတို့အနက်ဂျပန်နိုင်ငံသို့ကျွမ်းကျင်သက်ကြီးရွယ်အိုစောင့်ရှောက်သူ(၁၅)ဦးကိုဂျပန်နိုင်ငံသို့စေလွှတ်ပေးနိုင်ခဲ့ပြီးအလုပ်အကိုင်အခွင့်အလမ်းများရရှိနေပြီဖြစ်ကာဘိုးဘွားရိပ်သာ၊ပရဟိတအဖွဲ့အစည်းနှင့်အခြားစောင့်ရှောက်သူအဖွဲ့အစည်းများတွင်လုပ်ငန်းခွင်ဝင်စောင့်ရှောက်လျက်ရှိကြောင်း၊ဂျပန်နိုင်ငံနှင့်ပူပေါင်းဆောင်ရွက်မှုသည်မိမိတို့အနေဖြင့်နည်းပညာအထောက်အပံ့များစွာရရှိသကဲ့သို့အလုပ်အကိုင်အခွင့်အလမ်းများကိုဖန်းတီးပေးနိုင်သည့်အတွက်ကျေးဇူးအထူးတင်ရှိပါကြောင်း၊နိုင်ငံတော်နှင့်ပြည်သူများအကျိုးရှိသဖြင့်သင်တန်းသားများပိုမိုမွေးထုတ်သွားမည်ဟုပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။