ဇွန် ၂၅၊နေပြည်တော်
ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းနှင့် ဒေါက်တာဝင်းမြတ်အေးတို့သည့် ဖားကန့်မြို့နယ်ရှိ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းရှင်များ၊ လူမှုအဖွဲ့အစည်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်ရေမဆေးကျောက်ရှာဖွေသူများနှင့် ယမန်နေ့ နံနက်ပိုင်းတွင် ဖားကန့်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖားကန့်ဒေသအတွင်း တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဖေါ်ဆောင်ရန်လာရောက်ခြင်းဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် မူဝါဒ၊ အမိန့်ကြေငြာစာညွှန်ကြားချက်များထုတ်ပြန်ပြီးဥပဒေနှင့်အညီဆောင်ရွက်မှုများကိုပူးပေါင်းပါဝင်ပေးကြရန်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လုပ်ငန်းကော်မတီများ အသီးသီးဖွဲ့စည်းထားပြီး အစီအမံများရေးဆွဲလျက်ရှိပါကြောင်း၊ ဆက်လက်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးပြီး မူးယစ်သံသရာမှ လွတ်မြောက်ရန်ကြိုးပမ်းပေးရန်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်ပေးနေချိန်တွင် လောဘကြောင့် အသက်အန္တရာယ်ဖြစ်စေမည့်လုပ်ငန်းမျိုးကို ရွေးချယ်ခြင်းမပြုဘဲ ရှောင်ရှားသင့်ပါကြောင်း၊ သစ်တောကြိုးဝိုင်းမြေနှင့် ရတနာမြေဆိုသည်မှာ ဥပဒေအရအမြဲတမ်းအခြေချနေထိုင်ခွင့်မရှိပါကြောင်းနှင့် နိုင်ငံတော်က ဥပဒေနှင့်အညီဘေးကင်းလုံခြုံသည့်လုပ်ငန်းခွင်ဖြစ်အောင် ဖေါ်ဆောင် ပေးရန်ကြိုးပမ်းနေပါကြောင်း၊ အလုပ်သမားများ၊ ဒေသခံများ၊ လုပ်ငန်းရှင်များအားလုံးက ငြိမ်းချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များတွင်အတူတကွပူးပေါင်းပါဝင်ပေးကြစေလိုကြောင်းဖြင့်ပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖားကန့်ဒေသထွက် ကျောက်စိမ်းကို ကမ္ဘာပေါ်တွင် လူသိများပါကြောင်း၊ ရတနာဆိုသည်မှာဖြစ်ထွန်းတည်ရှိရန်သက်တမ်းကြာရှည်ပါကြောင်း၊ နိုင်ငံ၏လိုအပ်ချက်များကိုဖြည့်ဆည်း ဆောင်ရွက်ရန် ဘဏ္ဍာငွေလိုအပ်ရာ ကျောက်မျက်မှရရှိသည့် အခွန်ငွေများသည်များစွာအကျိုးပြုလျက်ရှိပါကြောင်း၊ဖားကန့်ဒေသသည်နှစ်စဉ်မိုးရေချိန် ၆၀လက်မအထက် ရွာသွန်းလေ့ရှိပြီး သစ်တောများပြုန်းတီးမှုကြောင့် အပူချိန်မြင့်တက်မှုများဖြစ်ပေါ်လာသဖြင့် သစ်ပင်စိုက်ပျိုးခြင်းကို ဆောင်ရွက်ကြရန်၊ လက်လုပ်လက်စားများအတွက်လုပ်ကွက်များခွင့်ပြုပေးမည်ဖြစ်သဖြင့် စနစ်တကျတူးဖေါ်လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် စိတ်စေတနာကောင်းနှင့် ဆောင်ရွက်ပါက အကျိုးပေးလည်းကောင်းမည်ဖြစ်သဖြင့် အတူတကွပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ဖားကန့်ဒေသရှိ လက်ရှိအခြေအနေ၊ တွေ့ကြုံနေရသော အခက်အခဲနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များကိုလည်းကောင်း၊ တက်ရောက်လာကြသောသူများက ရတနာမြေကို မိုးတွင်းကာလ(၃)လတာရပ်နားထားမည့်အခြေအနေ၊ ဥရုချောင်းမြေထိန်းနံရံနှင့်နုန်းတားတာများ ဆောင်ရွက်နိုင်မည့် အခြေအနေ၊ မိုးကောင်း-ဖားကန့်ကားလမ်းပြင်ဆင်ပေးနိုင်မည့်အခြေအနေနှင့် ပြန်လည်နေရာချထားပေးမည့် အစီအမံများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က ပြန်လည်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝေအောင်ကမ္ဘာကျောက်မျက်ကုမ္ပဏီ၊ရတနာရွှေအိတ်၊တောက်ပသောကြယ်အလင်း၊မြန်မာပထမကျောက်မျက်ကုမ္ပဏီတို့ကစိုက်ပျိုးထားသောအကေးရှား(မန်ဂျန်ရှား)ပင်များဆန်ခါနွံကန်မပြိုစေရန်ဆောင်ရွက်နေသောလုပ်ငန်းများကိုကြည့်ရှုလေ့လာခဲ့ကြကြောင်းသတင်းရရှိပါသည်။