မြစ်ကြီးနား၊ ၂၄-၆-၂၀၁၉
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအုန်းဝင်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ကျောက်မျက်ရတနာအသင်းချုပ်မှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ရှိ ကျောက်မျက်ရတနာ အသင်းရုံးအစည်းအဝေးခန်းမတွင် ဖားကန့်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ယနေ့ နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက ယနေ့တွေ့ဆုံရသော အကြောင်းရင်းသည် ဖားကန့်ဒေသရှိ အလုပ်သမား များနှင့် ဒေသခံပြည်သူများ၏ ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများတွင် ကျောက်မျက်လုပ်ငန်းရှင်ကြီးများ၏ ပူးပေါင်းပါဝင်နိုင်မှုနှင့် အကြံပြုချက် များကို သိရှိလိုပါကြောင်း၊ ဖားကန့်ဒေသတွင်ရှိသော အလုပ်သမားများနှင့် ရေမဆေး ကျောက်ရှာဖွေသူများနှင့် ဒေသခံများသည် ဥပဒေနှင့်အညီ အလုပ် လုပ်ကိုင်နေထိုင်နိုင်ရေး ညှိနှိုင်းဆွေးနွေးလိုပါကြောင်း၊ ဖားကန့်ဒေသရှိ အလုပ်သမားများနှင့် ဆက်စပ်၍ မူးယစ်ဆေးဝါးကိစ္စရပ်များ၊ ဒုစရိုက်မှုများ ဖြစ်ပွားမှု လျော့နည်းစေရန် တရားဥပဒေ စိုးမိုးရေးသည် အလေးထား ဆောင်ရွက်ရမည့် ကိစ္စဖြစ်ကြောင်း၊ ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများ ပြီးဆုံးပါက ဆောင်ရွက်ရမည့် လုပ်ငန်းများကို စာချုပ်ပါ စည်းကမ်းများအတိုင်း လိုက်နာဖော်ဆောင်ကြရန်လည်း လိုအပ်ပါကြောင်း၊ ဒေသခံတိုင်းရင်းသားများနှင့် လက်လုပ်လက်စားများအတွက် အသေးစားလုပ်ကွက်များ ခွင့်ပြုပေးရန်လည်း ဆောင်ရွက်နေပါကြောင်း၊ ကျောက်အချောထည် လုပ်ငန်းများ ဆောင်ရွက် ရန် အလုပ်ရုံ၊ စက်ရုံများ ဖွံ့ဖြိုးတိုးတက်လာရေး၊ ဖားကန့်ဒေသရှိ ရေမဆေးလုပ်သားများနှင့် ဒေသခံအလုပ်သမားများ အန္တရာယ်ကင်းပြီး လုံခြုံစွာ အလုပ်အကိုင်များ ရရှိရေး ပူးပေါင်းဆောင်ရွက်ရန် အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားပါသည်။
ဆက်လက်၍သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအုန်းဝင်း က ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများကြောင့် ဆုံးရှုံးခဲ့ရသော မြေဆီလွှာများနေရာတွင် မြေဆီလွှာကောင်းတစ်ခု ပြန်လည်ရရှိရန်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပါကြောင်း၊ မြေပေါ် မြေအောက်သယံဇာတများကို ရေရှည်အကျိုးရှိရှိ သုံးစွဲကြစေလိုကြောင်း၊ နောင်မျိုးဆက်များအတွက် ယခု အချိန်ကပင် ပိုမိုကောင်းမွန်သော အစီအစဉ်များကို ဆောင်ရွက်ကြရန်အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ရေးအကြံပြုကြရန် တိုက်တွန်း ပြောကြားပါသည်။
ထို့နောက် ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒေါက်တာခက်အောင်က ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ရွှေ့ပြောင်းလုပ်သားများ၊ IDP စခန်းများနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရ အဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးကြသော အဖွဲ့အစည်းများကို ကျေးဇူးတင်ပါကြောင်း၊ ပြည်နယ်အဆင့် ကျောက်မျက်ရတနာ ရောင်းချခြင်းကို (၂)ကြိမ် ကျင်းပနိုင်ခဲ့ပြီး နိုင်ငံတော်အတွက် ဘဏ္ဍာငွေရှာဖွေပေးနိုင်ခဲ့ပါကြောင်း၊ ဖားကန့်ဒေသတွင် ယနေ့ ကြုံတွေ့နေရသည့် အခက်အခဲများကို ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော ကျောက်မျက်အသင်းချုပ်မှ တာဝန်ရှိသူများက ၂၀၁၈ ခုနှစ်အတွင်း ကျောက်စိမ်းပြပွဲ ကျင်းပနိုင်ခဲ့မှုနှင့် ကျောက်မျက်အရိုင်း၊ ကျောက်မျက်အချောထည်များ အရောင်းပြပွဲ ကျင်းပနိုင်ခဲ့မှု အခြေအနေများ၊ ကျောက်စိမ်းလုပ်ကွက်များ နေရာချ ထားပေးမှုနှင့် ရေမဆေးကျောက် ရှာဖွေသူများ ပြန်လည်နေရာချထားပေးနိုင်မည့် အခြေအနေ၊ ဥရုချောင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှု၊ ကျောက်မျက်အသင်းချုပ်တွင် သင်တန်းများ ဖွင့်လှစ်ပေး နိုင်ခဲ့မှုအခြေအနေ၊ လက်လုပ်လက်စားများကို ဥပဒေနှင့်အညီ လုပ်ကွက်များ သတ်မှတ်ချထားပေးမည့် အခြေအနေများနှင့် ကျောက်မျက် အချော ထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်မည့် အစီအမံများကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါ သည်။
#hl1
#kcn_jun2019
Source: MSWRR