တိုက်ပွဲရှောင်ပြည်သူများ ပြန်လည်နေရာချထားရေးအတွက် သယံဇာတနှင့် သဘောဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ နမ္မတူမြို့နယ်ရှိပြည်သူများနှင့်တွေ့ဆုံမှုသတင်း

24_Pic_01

၂၃.၆.၂၀၁၉ ၊ နမ္မတူမြို့

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် လူူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့သို့ ရောက်ရှိကြပြီး မြို့နယ် တိုက်ပွဲရှောင်ပြည်သူများကူညီထောက်ပံ့ရေးကော်မတီ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တိုက်ပွဲရှောင်ပြည်သူများနှင့် နမ္မတူမြို့ရှိ စုပေါင်း ခန်းမတွင် တွေ့ဆုံခဲ့ကြပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အစိုးရအနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဖော်ဆောင်ခဲ့ကြောင်း၊ နိုင်ငံအတွင်း ဆောင်ရွက်ရန် လိုအပ်ချက်ရှိသော ကဏ္ဍများပြားပါကြောင်း၊ ပြည်သူများ အားလုံးသာတူညီမျှ ခံစားရရှိရေး အတွက် ပို၍လိုအပ်ချက်ရှိနေသော ပြည်သူများကို ဦးစားပေးရကြောင်း၊ အပြောင်းအလဲကာလတွင် ကြုံတွေ့ရသည့် အခက်အခဲ အကျပ်အတည်းများကို ပြည်သူများနှင့်အတူ အောင်မြင်အောင် ကျော်လွှားနေချိန် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ် စောင့်ရှောက် ရေးလုပ်ငန်းများသည် ပဋိသန္ဓေတည်ရာမှ သက်ကြီးရွယ်အို အထိ ဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်ကြောင်း၊ ယခုလာရောက်သည့်ကိစ္စမှာ တိုက်ပွဲရှောင် စခန်းများရှိ ပြည်သူများကို ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊  ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသည့် ကလေးအသက် (၂)နှစ်အထိ လစဉ်ထောက်ပံ့ကြေး ပေးသောစနစ်ကို ရှမ်းပြည်နယ်တွင် ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင်အကောင် အထည်ဖော်မည်ဖြစ်ပါကြောင်း၊ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများ အတွက် သက်ကြီးပင်စင်ကိုလည်း တစ်နိုင်ငံလုံးရှိ ဘိုးဘွားများကို လစဉ် ပေးအပ်လျက်ရှိကြောင်း၊ လူ့ဂုဏ်သိက္ခာနှင့်ပြည့်ဝသော လူမှုအသိုင်းအဝိုင်းတစ်ရပ်ဖြစ်ပေါ်လာစေရေးအတွက် မည်သူ့ကိုမျှ ချန်လှပ်မထားဘဲ အားလုံး သာတူညီမျှ ခံစားရရှိစေရန် ဆောင်ရွက်နေပါကြောင်း၊ တိုက်ပွဲရှောင်စခန်းများတွင် ရေရှည်နေထိုင်ရပါက ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စသည့် ကဏ္ဍများတွင် ပြည်သူများ ထိခိုက်ခံစားရမှုများ ရှိလာမည်ဖြစ်ကြောင်း၊ အခြေအနေပေးပါက စခန်းများပိတ်သိမ်းရေးနှင့် ပြန်လည်ထူထောင်ရေးကို အလျန်အမြန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ အလုပ်အကိုင် လက်လှမ်းမီရန်နှင့် ပြန်လည်ရရှိရန် ပိုမိုကောင်းမွန်သည့် အခြေအနေရောက်ရှိရန် ဆောင်ရွက်ရပါကြောင်း၊ အစိုးရက ယခုအချိန်တွင် တိုက်ပွဲရှောင်စခန်း၊ နေရပ်စွန့်ခွာပြည်သူများ ပြန်လည် နေရာချထားရေး မဟာဗျူဟာတစ်ရပ်ရေးဆွဲပြီးဖြစ်ကြောင်း၊ ယခုလက်တွေ့ အကောင်အထည်ဖော်ရန်ဖြစ်ကြောင်း၊ စခန်းရှိ ပြည်သူများ၏ဆန္ဒကို အလေး ထား ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက မိမိတို့နိုင်ငံသည် မြေပေါ်မြေအောက် သယံဇာတ ပေါကြွယ်ဝပြီး ၎င်းသယံဇာတများကို ရေရှည် ထိန်းသိမ်းပြီး မှီခိုသုံးစွဲရန်လည်း လိုပါကြောင်း၊ သစ်တောများပြုန်းတီးမှုကြောင့် ရာသီဥတုပြောင်းလဲခြင်းကို ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးက ခံစားနေရပြီး သစ်တောပြုန်းတီးမှုကို နိုင်သလောက်လျှော့ချနေကြရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ၂၀၁၅ခုနှစ် ပဲရစ်ညီလာခံတွင် လက်မှတ်ရေးထိုးထားသော ကတိကဝတ်များကို လိုက်နာဖော်ဆောင်ရပြီး နှစ်စဉ် သစ်တောပြုန်းတီးမှု လျော့နည်းစေရန်နှင့် သစ်တော ဖုံးလွှမ်းမှု ဧရိယာတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်နေရပါကြောင်း၊ ရှမ်းပြည်နယ်သည် သစ်တောဖုံးလွှမ်းမှု ဧရိယာအကောင်းဆုံး တွင် ပါဝင်ပြီး ဆက်လက်ထိန်းသိမ်း ကြဖို့လည်း     တိုက်တွန်းပါကြောင်း၊ ရာသီဥတုဖောက်ပြန် ပြောင်းလဲခြင်းကို ကာကွယ်ရန်အတွက် သစ်ပင်စိုက်ပျိုးကြပါ၊  သဘာဝ သယံဇာတပစ္စည်းများကို စနစ်တကျသုံးစွဲကြပါဟု တိုက်တွန်းပြောကြားပါသည်။

ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ၎င်းတို့၏လိုအပ်ချက်များကို အသီးသီးတင်ပြ ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးများနှင့်တာဝန်ရှိ သူများက ပြန်လည်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေမြင်သာ(ကြူေ ဆာ့)၊ လီဆူဘုရားရှိခိုး ကျောင်းနှင့် ကချင်နှစ်ခြင်းဘုရားရှိခိုးကျောင်းရှိ တိုက်ပွဲ ရှောင်ပြည်သူအိမ်ထောင်စု (၁၂၈)စု လူဦးရေ (၅၆၇)ဦးတို့အတွက် ဆန်၊ဆီ၊ဆား၊ပဲ စားနပ်ရိက္ခာ(၁)လစာ၊ တိုက်ပွဲရှောင်စခန်း(၃)ခု အတွက် ကလေးပျော်နေရာ ဆောင်ရွက်ရန်ထောက်ပံ့ငွေကျပ်(၄၅)သိန်း၊ မသန်စွမ်းသူ (၄)ဦးအတွက် ထောက်ပံ့ငွေ (၁၂၀၀၀၀)ကျပ်၊ အမှတ်(၁)သတ္တုတွင်း ဦးစီးဌာနက လှူဒါန်းငွေ ကျပ်(၂၀)သိန်း၊ ဝင်းမြင့်မိုရ် စက်မှုလုပ်ငန်းကုမ္ပဏီ က အလှူငွေ ကျပ်သိန်း(၄၀)၊ Corner Stone Resort က ကျပ်သိန်း(၄၀) တို့ကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး မြို့နယ် တိုက်ပွဲရှောင်စခန်းများပြန်လည်နေရာချထားရေးကောမတီဒုတိယဥက္ကဌ ဦးစိုင်းဗညားက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေမြင်သာ(ကြူဆော့)တိုက်ပွဲရှောင်စခန်းသို့ ရောက်ရှိကြပြီး ပြည်သူများနှင့်တွေ့ဆုံကာ ပြန်လည် နေရာချထားပေးမည့်အစီအမံနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး အားပေးစကားပြောကြားကာ ကစားစရာအရုပ်နှင့်အာဟာရမုန့်များ ပေးဝေ ခဲ့ကြပါသည်။

ခရီးစဉ်အတွင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ လူူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ လိုက်ပါခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1_otr

#shn_jun2019

Source:  MSWRR

Sign Up

Upcoming Events