ဇွန် ၂၀၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေး ဒါန်မိုဘိုင်း အက်ပလီကေးရှင်း (Disaster Alert Notification- DAN Application) အား ၂၀၁၆ ခုနှစ်မှ စတင်ကာ ပုံစံထုတ် ရေးဆွဲခဲ့ပြီး UNDP နှင့် ECHO အဖွဲ့အစည်းများ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်မှုများကို ဆောင်ရွက်ခဲ့ပါသည်။ ယင်းကဲ့သို့ အဆင့်မြှင့်တင် ရေးဆွဲထားသည့် DAN Application အား ပြည်သူများထံသို့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးနိုင်ရေး အတွက် ဝန်ကြီးဌာနမှ ဝန်ထမ်းများအား အသိပညာပေးခြင်းနှင့် ဖြန့်ချိခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Hilton Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာတစ်ဝှမ်းတွင် ရာသီဥတု ပြောင်းလဲမှုများဖြစ်ပွားလျက်ရှိရာ ယင်းသို့ ပြောင်းလဲနေသောရာသီဥတုအကြောင်းကို စီမံခန့်ခွဲသူများသာမက ပြည်သူများကပါ သိမြင်သဘောပေါက်ရန် အရေးကြီးပါကြောင်း၊ ယင်းသို့ ရာသီဥတုဆိုင်ရာ အကြောင်းအရာများနှင့် သတိပေးချက်များကို ပြည်သူများထံသို့ အချိန်မီ ပေးပို့နိုင်ပါက ၎င်းတို့အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတွင် ကြိုတင်ပြင်ဆင်ခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်း များကို ဆောင်ရွက်ရာ၌ လူ့အသက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ဦးစားပေးဆောင်ရွက်ရပါကြောင်း၊ ပြည်သူများတွင် ဘေးအန္တရာယ်ဆိုင်ရာအသိပညာ၊ ဗဟုသုတများ ရှိခြင်း အားဖြင့် ဘေးဖြစ်ချိန်တွင် ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချပေးနိုင်မည်ဖြစ်ပါကြောင်း၊ အစိုးရသစ် လက်ထက်မှစတင်၍ သဘာဝဘေးအန္တရာယ် ကြိုတင် သတိပေးချက်များနှင့် အသိပညာပေးလုပ်ငန်းများကို မီဒီယာများမှတစ်ဆင့် နည်းလမ်းမျိုးစုံနှင့် ပြည်သူများအသိ စွဲမြဲမှုရှိစေရန် ထပ်ခါတလဲလဲ ဖြန့်ချိ ဆောင်ရွက်လျက် ရှိပါကြောင်း၊ စာရင်းဇယားစစ်တမ်းများအရ မြန်မာနိုင်ငံရှိ အိမ်ထောင်စု (၈၇%)ခန့်သည် မိုဘိုင်းဖုန်းကိုင်ဆောင်နိုင်ကြပြီး လူဦးရေသန်း(၄၀)နီးပါးသည် အင်တာနက် အသုံးပြုနိုင်သည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ရာ အသိပညာပေးလုပ်ငန်းများကို မိုဘိုင်းဖုန်း မှတစ်ဆင့် ပေးပို့ခြင်းသည် ထိရောက်မှုရှိသည်ကို တွေ့ရပါကြောင်း၊ ယခုထပ်မံအဆင့်မြှင့်တင် ထားသော DAN Application တွင် ပြည်သူလူထုပါ သတင်း ပေးပို့နိုင်မည့် သတင်းပေး၊ သတင်းယူစနစ်ပါ ထည့်သွင်းထားပါကြောင်း၊ ထို့အတူ Application ကိုအသုံးပြုသည့် ပြည်သူလူထု၏ Feedback များလည်း ရရှိအောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် UNDP ၏ Deputy Resident Representative ဖြစ်သူ Ms. Dawn Del Rio က UNDP အနေဖြင့် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့် DAN Application အားအကျိုးရှိစွာ အသုံးပြုနိုင်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူစကားများ ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မိုဘိုင်းအပလီကေးရှင်းအသုံးပြုပုံ မိတ်ဆက်ဗွီဒီယိုအား ပြသခဲ့ရာ
သဘာဝဘေးအန္တရာယ် ကြိုတင် အသိပေးမိုဘိုင်း Application Disaster Alert Notification DAN Application သည် မြန်မာနိုင်ငံတွင် ကြိုတင်ခန့်မှန်း၍ ရနိုင်သော သဘာဝဘေးအန္တရာယ် များနှင့် စပ်လျဉ်းပြီး ပြည်သူများကို သတိပေးချက်များ အချိန်နဲ့တပြေးညီ ပေးပို့နိုင်ရန် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ် ထုတ်လုပ်ထားသော mobile application တစ်ခု ဖြစ်ပါကြောင်း၊
သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သော အခြေအနေများတွင် ပြည်သူလူထုအနေဖြင့် ကြိုတင် ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်းတို့ကို လုပ်ဆောင်နိုင်ရန် လိုအပ်သော ကြိုတင် သတိပေးချက်များ၊ ဘေးကင်းစေရေးအတွက် အကြုံပြုချက်များ၊ အရေးပေါ် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး အရေးပါသည့် အကြောင်းအရာ မျိုးစုံတို့ကို တစ်နေရာထဲတွင် စုစည်းထည့်သွင်း ဖော်ပြပေးထားပါကြောင်း။
ထို့အပြင် DAN Application ကို မသန်စွမ်းသူများပါ အလွယ်တကူ အသုံးပြုနိုင်ရန် ရည်ရွယ်ပြီး ရေးဆွဲထားပါကြောင်း၊ DAN Application ကို မိမိတို့၏ လက်ကိုင်ဖုန်းထဲတွင် လွယ်လင့်တကူထည့်သွင်းနိုင်ရန် လုပ်ဆောင်ရမည့်အချက်များမှာ
၁။ မိမိတို့၏ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး DAN Application ကို Play Store သို့မဟုတ် Apple Store မှတဆင့် Download ရယူရန်၊
၂။DAN Applicationကို အသုံးပြုနိုင်ရန်အတွက် မှတ်ပုံတင်ရန် လိုအပ်ပါကြောင်း၊
(က) မိမိအမည်နဲ့ အလုပ်အကိုင်ကို မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် ဖြည့်သွင်းရန်၊
(ခ) မိမိ နေထိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ကို ရွေးချယ်ပြီး ခရိုင်၊ မြို့နယ်၊ ရပ်ကွက်အထိ အသေးစိတ် ရွေးချယ်ဖြည့်စွက်ရန် လိုအပ်ပါကြောင်း၊
(ဂ) မှတ်ပုံတင်ရာတွင် Internet ဖွင့်ထားရန်လိုအပ်ပါကြောင်း၊ DAN Applicationကို ရယူပြီးပါက Appication ထဲမှ သိရှိနိုင်သော အကြောင်းအရာများမှာ
သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုံမှန်သတင်းနှင့် အရေးကြီးသတင်း ဟူ၍ (၂) မျိုး ပါရှိပါ ကြောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်သော ဘေးအန္တရာယ်ဆိုင်ရာ သတိပေး နိုးဆော်ချက်များကို အရေးကြီးသတင်းကဏ္ဍမှ သတိပေးချက်များ ပေးပို့သွားမည်ဖြစ်ပါကြောင်း၊ လိုအပ်ပါက ဆက်သွယ်ရမည့် အရေးပေါ် ဖုန်းနံပါတ်များ၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ ဆောင်ရန်/ရှောင်ရန်များကို ဖော်ပြထားသော ရုပ်ပုံများ၊ အသံဖိုင်များနှင့် Video များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ စာအုပ်စာတမ်းများ၊ အချိန်ပိုင်းအလိုက် မိုးလေဝသ အခြေအနေသတင်းများ၊ ဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှု စာရင်းအင်း/အချက် အလက်များ၊ ဘေးအန္တရာယ်ဖြစ်ပေါ်လာလျင် ပြည်သူများကိုယ်တိုင် သတင်းပေးပို့ဆက်သွယ်နိုင် မည့် စနစ်များ စသည့်အရေးကြီးသော အကြောင်းအရာများ ပါဝင်ပါကြောင်း တင်ပြထားပါသည်။
ဒုတိယပိုင်းအခမ်းအနားအစီအစဉ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေး DAN Application အသုံးပြုပုံနှင့် ပြည်သူများထံသို့ဖြန့်ချိနိုင်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများက DAN Application အသုံးပြု ခြင်းနှင့်စပ်လျဉ်း၍ ဆန်းစစ်ချက်မေးခွန်းလွှာများကို ဖြေဆိုခြင်းနှင့် အဖွဲ့လိုက်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေး DAN Application အကြောင်း ပြည်သူလူထု အသိပညာပေးခြင်းနှင့် ဖြန့်ချိခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လာမည့် ရက်သတ္တပတ်အတွင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
#hl1_ar
#npw_jun2019
Source: MSWRR