ဇွန်လ၊၁၅၊ပုသိမ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာန၏ မူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်း များနှင့် မိခင်ဝိုင်းများရှိ ကလေးငယ်များ၏ မိဘများ၊ အုပ်ထိန်းသူများအား ရှေးဦးအရွယ်ကလေးသူငယ် စနစ်တကျပြုစုစောင့်ရှောက်ရေး အရေးကြီးပုံကို ရှင်းလင်းပြောကြားခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ သဘာဝဘေးကူညီကယ်ဆယ်ရေးပရဟိတ အဖွဲ့အစည်းများ၊ ဒေသခံများနှင့်တွေ့ဆုံ၍ သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားကို ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှူရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ပြည်သူများအတွက် လတ်တလော အကျိုးပြုလုပ်ငန်း သာမက ရေရှည်တွင်အကျိုးရှိမည့်လုပ်ငန်းများကို မူဝါဒများချမှတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရှေးဦး အရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးကို စနစ်တကျဆောင်ရွက်နိုင်မှသာ အနာဂတ်အတွက် အရည်အချင်းပြည့်ဝသော လူသားအရင်းအမြစ်များပေါ်ထွက် လာမည်ဖြစ်ရာ ပူးပေါင်းဆောင်ရွက်ကြမည့် မိဘများ၊ မိသားစုဝင်များကိုဖိတ်ခေါ်၍ အသိပေးပြောကြားခြင်းဖြစ်ကြောင်း၊ ကလေးငယ်များကိုမွေးစမှ အသက် (၈) နှစ်အရွယ်ကို ရှေးဦးအရွယ်ကာလဟု သတ်မှတ်ပါကြောင်း၊ မွေးစမှအသက် (၃) အရွယ်သည် အလွန်အရေးကြီးပါကြောင်း၊ ၎င်းအသက်အရွယ်အုပ်စုအတွင်း ကိုယ်ဝန်ဆောင်သည်မှ မွေးဖွားပြီး ကလေးအသက် (၂) နှစ်အထိသည် ကလေး၏ရက်ပေါင်း (၁၀၀၀) ကာလဖြစ်ပြီး ထိုကာလတွင် ဦးနှောက်ဖွံ့ဖြိုးမှု အကောင်းဆုံးကာလဖြစ်ပါကြောင်း၊ ဤကာလ၌ မိဘများ၊ မိသားစုများက ရှေးဦးအရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးအသိမှန်ဖြင့် ပြုစုစောင့်ရှောက်ရန် အရေးကြီးပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနက ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော ကလေးအသက် (၂) နှစ်အထိ ငွေကြေးထောက်ပံ့ခြင်းနှင့်အတူ အာဟာရပညာပေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး ပညာပေးနှင့် မိသားစု စီမံကိန်းပညာပေးအစီအစဉ်များကို ဖွံ့ဖြိုးမှုအညွှန်းကိန်းများအရ ဦးစားပေးဒေသများအလိုက် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အဆိုပါအစီအစဉ်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း မကြာမီ ရောက်ရှိလာတော့ မည်ဖြစ်ကြောင်း၊ ပြည်သူများအားလုံး အဆိုပါအသိများရရှိအောင်မိမိတို့ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကလေး ကျန်းမာပညာအဖွဲ့၊ ရန်ကုန်ကလေးဆေးရုံကြီးတို့ ပူးပေါင်း၍ကလေး (၃)နှစ် အရွယ်အထိ ပုံမှန် ဖွံ့ဖြိုးမှုရရန်ဆောင်ရွက်ရန်နည်းလမ်းများပါဝင်သည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေသွားမှာဖြစ်ပါ ကြောင်း၊ မိဘများ၊ အုပ်ထိန်းသူများနှင့် မိသားစုဝင်များက သေချာလေ့လာရန်လိုအပ်ပါကြောင်း၊ နည်း စနစ်မှန်ကန်သော ပြုစုစောင့်ရှောက်မှုများဖြင့်လည်း မိခင်ဝိုင်းများ၊ အစိုးရမူကြိုများ၊ ကိုယ့်အားကိုယ်ကိုး မူကြိုများနှင့်ပုဂ္ဂလိကမူကြိုများ တိုးချဲ့ဖွင့်လှစ်လေကျင့်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်စောင့်ရှောက်ရေး ဆရာဖြစ်သင်တန်းများကိုလည်း တိုးချဲ့ဖွင့်လှစ်လျက်ရှိပါကြောင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်များအတွက် ဆောင်ရွက်ပေးခြင်းသည် အနာဂတ်နိုင်ငံဖွံ့ဖြိုးရေးအတွက် ရေရှည်မျှော်မှန်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အရပ်ဘက်အဖွဲ့ အစည်းများ၊ သဘာဝဘေးကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့အစည်းများ၊ ဒေသခံများအားကမ္ဘာ့ရာသီ ဥတု ပြောင်းလဲလာခြင်းနှင့်အတူ သဘာဝဘေးဒဏ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများသည် ပိုမိုပြင်းထန်လာ ကြောင်း၊ ထို့အတွက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ပိုမိုထိရောက်သော ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များ ဆောင်ရွက်နိုင်ရန်ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင် တုန့်ပြန်နိုင် စွမ်းရှိသောလူ့အသိုက်အဝန်းဖြစ်ပေါ်စေရေး စသည့်မူဝါဒစနစ်သစ်များချမှတ်ကာ ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ကြိုးပမ်းလျက်ရှိကြောင်း၊ ဘေးဖြစ်ပွားပါကလည်း အလျင်အမြန် တုန့်ပြန်ဆောင်ရွက်ပါကြောင်း၊ ဘေးသင့်ဒေသများအတွက် အမြန်ပြည်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့ကိုလည်း ဖွဲ့စည်းဆောင်ရွက်နေကြောင်း၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုကော်မတီဖွဲ့စည်းထားပြီး လုပ်ငန်းကော်မတီ (၁၂) ခုရှိပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်၊ ရပ်ကွက်ကျေးရွာ အဆင့်ဆင့်တွင်လည်း အဆိုပါကော်မတီများ ဖွဲ့စည်းထားကြောင်း၊ အဆိုပါလုပ်ငန်းများကို အစိုးရအဖွဲ့တစ်ခုတည်း ဆောင်ရွက်၍မရသောကြောင့် အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၊ သဘာဝဘေးကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောနိုင်ငံ တကာအဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရပါကြောင်း၊ ယခုတက်ရောက်လာကြသော လူမှူအဖွဲ့အစည်များကလည်းညီညီညွှတ်ညွှတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါကြောင်း၊ ဘက်စုံသုံး ဘေးဒဏ်ခံအဆောက်အဦများကို သဘာဝဘေးအဖြစ်များသော ဒေသများ၌ဦးစားပေး ဆောက်လုပ် ပေးလျက်ရှိပါကြောင်းနှင့် သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းများလည်းဖွင့်လှစ်ပေးထားပါကြောင်း၊ လူမှု အဖွဲ့အစည်းများအနေဖြင့် တက်ရောက်စေလိုပါကြောင်းနှင့် ယခုတက်ရောက်လာကြသော အဖွဲ့အစည်း အသီးသီးကလည်း မိမိတို့တိုင်းဒေသကြီးအတွက် သဘာဝဘေးကြိုတင်ကာကွယ်ရေးလိုအပ်ချက်များကို အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးကတိုင်းဒေသကြီးအစိုးရ၏သဘာဝဘေးစီမံခန့်ခွဲမှုကြိုတင်ဆောင်ရွက်ထားရှိမှုများကိုရှင်းလင်းတင်ပြခဲ့ပါသည်။ထို့နောက်တက်ရောက်လာကြသောအဖွဲ့အစည်းအသီးသီးမှကိုယ်စားလှယ်များကပုသိမ်မြို့တစ်ဖက်ကမ်းရှိရပ်ကွက်မီးဘေး၊အမှိုက်စွန့်ပစ်ရန်ခက်ခဲမှု၊ရေစီးရေလာကောင်းမွန်ရေး၊သဘာဝဘေးလျော့ပါးရေးသင်တန်းများ၊ဇာတ်တိုက်လေ့ကျင့်ခန်းများ ပိုမိုဆောင်ရွက်နိုင်ရေး၊ ရပ်ကွက်ကျေးရွာသဘာဝ စီမံခန့်ခွဲမှူကော်မတီလုပ်ငန်း များလည်ပတ်နိုင်ရေး၊ သဘာဝဘေးများတွင် မသန်စွမ်းများအတွက် ထည့်သွင်းစဉ်းစားပေးရေး၊ သက်ငယ် မုဒိမ်းမှူများတွင် လျင်မြန်စွာ ကူညီဆောင်ရွက်ပေးနိုင်ရေး၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပိုမိုပေါင်းစပ် ဆောင်ရွက်နိုင်ရေး၊ Maternal and Child Cash Transfer ဆောင်ရွက်ရာတွင် ထိရောက်စွာ ကူညီပံ့ပိုး ဆောင်ရွက်နိုင်ရေး၊ အရေးပေါ်လူနာတင်ရေယဉ်ဆောင်ရွက်ပေးနိုင်ရေးတို့ကို မေးမြန်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတိုင်းဒေသကြီး လူမှူရေးဝန်ကြီးနှင့်တာဝန်ရှိသူများက ပြန်လည်ညှိနှိူင်း ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Source: MSWRR
#hl1
#ayy_jun2019