ဇွန်လ၊၁၄၊ရန်ကုန်
ဘေးအန္တရာယ်များကျရောက်ပါက အလျင်အမြန်တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်ထောက်ပံ့ မည့်ပစ္စည်းများ ထိန်းသိမ်းသိုလှောင်ထားရှိသော ရန်ကုန်တိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်မြို့ရှိ ဗဟိုသိုလှောင်ရုံအား ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် ဗဟိုသိုလှောင်ရုံသို့ရောက်ရှိပြီး ဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်အခြေအနေများတွင် ထောက်ပံ့မည့်ပစ္စည်းများ ထိန်းသိမ်းထားရှိသော သိုလှောင်ရုံများ၌ ပစ္စည်းများစနစ်တကျထုပ်ပိုးထားရှိမှုနှင့် နေရာချ ထားမှုများကို လိုက်လံကြည့်ရှုစစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးက သိုလှောင်ရုံများအဆင့်မြှင့်တင် ထားခြင်း နှင့်ပြန်လည်ပြုပြင်မွမ်းမံထားသည့်အခြေအနေများ၊ အရေးပေါ်သည့်အချိန်တွင်ရရှိလာမည့် သတင်းအချက် အလက်ပေါ်မူတည်၍ အလျင်အမြန်ဖြန့်ဖြူးနိုင်ရေး စီစဉ်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိုလှောင်ထားရှိသည့်ပစ္စည်းများ အလေအလွင့်ဆုံးရှုံးမှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရှိ ဝန်ထမ်းများအားတွေ့ဆုံ၍ တိုင်းဒေသကြီးဦးစီးမှူးက ဗဟိုသိုလှောင် ရုံ၏ စီမံခန့်ခွဲမှုလုပ်ငန်းများ၊ တိုင်းဒေသကြီးအတွင်းခရိုင်ရုံးများ၊မြို့နယ်ရုံး များဖွင့်လှစ်နိုင်ရေးစီစဉ်ထားရှိမှုနှင့် ရှေ့ဆက်ရမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာပြည်ထောင်စုဝန်ကြီးက ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီးဌာနမှူးရုံးနှင့် ဗဟိုသိုလှောင်ရုံမှဝန်ထမ်းများအား တွေ့ဆုံကာဝန်ထမ်းများ၏ ထမ်းဆောင်ရမည့်တာဝန်၊ လိုက်နာရမည့်စည်းကမ်း၊ စောင့်ထိန်းရမည့်ကျင့်ဝတ်များကို အသီးသီးလိုက်နာဆောင်ရွက်ကြရန်နှင့် မိမိတို့ဝန်ကြီး ဌာန၏ ပြည်သူများအတွက် ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများ၊ဦးစီးဌာန အချင်းချင်းလုပ်ငန်းသဘော ဆက်စပ် ဆောင်ရွက်ရမှုများ၊ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖွဲ့ဆောင်ရွက် ရသည့် ကိစ္စများကိုရှင်းလင်းပြောကြားခဲ့ပြီး စတင်တာဝန်ထမ်းဆောင်သော ဝန်ထမ်းများအတွက် စွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်းများသင်ကြားပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရေးနှင့်ဝန်ထမ်းများ၏ လိုအပ်ချက်များကို မေးမြန်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#ygn_jun2019