ဇွန် ၁၀၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးသင်တန်း (Emergency Logistics Training) ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ရွှေအိမ်စံဟိုတယ်၌ ကျင်းပရာ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကျင်းပပြုလုပ်သည့် အရေးပေါ် ထောက်ပံ့ပို့ဆောင်ရေးသင်တန်းဖွင့်လှစ် နိုင်ရေးအတွက် အကူအညီပေးခဲ့သည့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အား ကျေးဇူးတင်ရှိပါကြောင်း၊ ပထမအကြိမ် သင်တန်းကို ၂၀၁၇ ခုနှစ်က ပို့ချခဲ့ပြီး ယခုသင်တန်းမှာ ဒုတိယအကြိမ်မြောက် ထပ်မံဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ နည်းပညာနဲ့ အခြားလိုအပ်တဲ့ အထောက်အပံ့များကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနဲ့ အတူပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုှုဦးစီးဌာနသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များအတွက် ထိရောက်တဲ့ စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်နေပါကြောင်း၊ ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံ ရင်ဆိုင် တုံ့ပြန်နိုင်စွမ်းရှိသော လူမှုအသိုင်းအဝိုင်းဖြစ်ပေါ်စေရေးတွင် ပြည်သူလူထုနှင့် ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ ပြည့်မီစေရေး ဦးတည်ဆောင်ရွက်နေပါကြောင်း၊ ထို့အပြင် ဘေးဒဏ်ခံစားရသည့် ပြည်သူများအား စားဝတ်နေရေး လတ်တလော သက်သာချောင်ချိစေရေးအတွက် ထောက်ပံ့ဆောင်ရွက်နေမှုများနှင့် ကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်းများကို အနီးဆုံးသိုလှောင်ရုံများမှ အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ယနေ့ဖွင့်လှစ် သည့်သင်တန်းသည် မြန်မာနိုင်ငံအတွင်း အရေးပေါ်အခြေအနေနှင့် ဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းစဉ်များ ပိုမိုထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်ရန်နှင့် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများကို ထောက်ပံ့ပို့ဆောင်ရေး၊ သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ရေးနှင့် ဖြန့်ဝေရေး လုပ်ငန်းများတွင် စီမံခန့်ခွဲ ပါဝင်ဆောင်ရွက်နေသူများ၏ စွမ်းဆောင်ရည်တိုးတက်လာစေရန်အတွက် ရည်ရွယ်ဖွင့်လှစ် ခြင်းဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများအတွက် လက်တွေ့လုပ်ငန်းခွင်အတွင်း အထောက်အကူများစွာ ပြုစေမည်ဖြစ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် မိမိတို့ရဲ့ အတွေ့အကြုံ များကို မျှဝေ၍ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးပြီး မိမိတို့တာဝန်ကျရာဒေသများကို ပြန်လည်ရောက်ရှိပါက အရေးပေါ်အခြေအနေတို့တွင် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းတို့တွင် ယခင်ထက်ပိုမိုထိရောက်စွာ ဆောင်ရွက် သွားနိုင်မည်ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ Country Director က နှုတ်ဆက်စကား ပြောကြားပြီး ဒုတိယဝန်ကြီးနှင့် တက်ရောက် လာသူများက စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြပါသည်။
ဆက်လက်ပြီးသင်တန်းဆွေးနွေးပွဲကိုကျင်းပရာ သင်ခန်းစာများ ပို့ချခြင်းတို့အပြင် ဖြစ်စဉ်အခြေပြု အဖွဲ့လိုက်ဆောင်ရွက် လေ့ကျင့်ခြင်း၊ ဆွေးနွေးခြင်း၊ အတွေ့အကြုံများဖလှယ် ဆွေးနွေးခြင်းများ ဆောင်ရွက်ကြပါသည်။ အဆိုပါ သင်တန်းကို ဇွန်လ (၁၀) မှ (၁၂)ရက်နေ့ထိ (၃)ရက်တာဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
#hl2_ar
#npw_jun2019
Source: MSWRR