သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်မှု တတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲကျင်းပ

9_Pic_01

ဇွန်လ(၈)ရက်၊ နေပြည်တော်

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အရပ်ဘက်-စစ်ဘက်ပူးပေါင်းဆောင်ရွက်မှု တတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် တပ်မတော်နှင့် ညှိနှိုင်းမှု၊ ပူးပေါင်းဆောင်ရွက်မှုပိုမိုအားကောင်းလာစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် နေပြည်တော် Aureum Place Hotel ၌ ဇွန်လ(၇)ရက်နေ့မှ (၈)ရက်နေ့အထိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ UNOCHAတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအောက်ရှိ လုပ်ငန်းကော်မတီများမှ ကိုယ်စားလှယ်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၄၆)ဉီးတက်ရောက်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဉီးစိုးအောင်တက်ရောက်ကာ အမှာစကားပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုကျင်းပပြုလုပ်သော သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အရပ်ဘက်-စစ်ဘက်ပူးပေါင်းဆောင်ရွက်မှု တတိယအကြိမ်အလုပ်ရုံ ဆွေးနွေးပွဲနှင့် တစ်ချိန်တည်းမှာပင် (၇.၆.၂၀၁၉)ရက်နေ့၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး(၂/၂၀၁၉)ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမကြီးတွင် လုပ်ငန်းကော်မတီများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များအား ဖိတ်ကြား၍ ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါအစည်းအဝေးတွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ၊ ဒုတိယသမ္မတက ယနေ့အခါတွင် ကမ္ဘာကြီး ပူနွေးလာမှုနှင့်ရာသီဉတုပြောင်းလဲမှုများကြောင့် အမျိုးမျိုးသော သဘာဝဘေးအန္တရာယ်များသည် နေရာ အနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိသည်ကို  တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း မုတ်သုံ ကာလတိုတောင်းလာပြီး မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲလာကာ ဆိုင်ကလုန်းမုန်တိုင်းများ၊ အပူချိန် လွန်ကဲမှုများ၊ လေပြင်းတိုက်ခတ်မှုများ၊ မိုးသီးကြွေ/မိုးကြိုးပစ်မှုများ ရေကြီးရေလျှံမှုများ နှစ်စဉ် ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲသူများအနေဖြင့် ဘေးအန္တရာယ်များ၏ ပြုပြင်ပြောင်းလဲလာသော သဘောသဘာဝများကို မျက်ခြေမပြတ် လေ့လာသိရှိ နေရန်၊ အစဉ်အမြဲ နိုးနိုးကြားကြားရှိနေကြရန်၊ ရင်ဆိုင်တုံ့ပြန်နိုင်ရေး အသင့်ဖြစ်နေကြရန်၊ အရေးပေါ် တုံ့ပြန်မှုလုပ်ငန်းအစီအမံများအပြင် ရေရှည်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင်လည်း ရင်းနှီး မြှုပ်နှံကြရန် လိုအပ်ပါကြောင်းစသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ အဆိုပါလမ်းညွှန်ချက်များ နှင့်အညီ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွန်တော်တို့ ဝန်ကြီးဌာနတစ်ခုတည်း ဆောင်ရွက်၍ မရနိုင်ဘဲ တပ်မတော်၏ထိရောက်သည့် ပူးပေါင်းပါဝင်မှုနှင့်အတူ ဝန်ကြီးဌာနများအားလုံး၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်သူများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစိုးရ မဟုတ် သောအဖွဲ့အစည်းများစသည့် ပါဝင်ဆက်နွယ်သူများအားလုံး ပူးပေါင်းဆောင်ရွက်မှသာ ထိရောက်အောင်မြင်နိုင်မှာဖြစ်ပါကြောင်း၊  သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အရပ်ဖက်-စစ်ဖက်ပူးပေါင်း ဆောင်ရွက်မှုကို ပိုမို ထိရောက်ကောင်းမွန် နိုင်စေရေးအတွက် အပြည်ပြည်ဆိုင်ရာနဲ့ ဒေသတွင်းမှာ လက်ခံကျင့်သုံးနေတဲ့  ပူးပေါင်းဆောင်ရွက်မှု ပုံစံ/လုပ်ထုံးလုပ်နည်းတွေကို ထည့်သွင်း စဉ်းစားပြီး မိမိတို့နိုင်ငံ၏ အနေအထားနှင့်လိုက်လျောညီထွေစွာ အကောင်ထည်ဖော် ဆောင်ရွက်သင့်ပါ ကြောင်း၊ ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲမှရရှိသော အပြုသဘောဆောင်သည့် ဆွေးနွေး အကြံပြုချက်များကိုအခြေခံကာ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများတွင် အရပ်ဖက်နှင့် စစ်ဖက် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်သင့်သည်များအား ဆက်လက်ညှိနှိုင်း ကြိုးစားသွားရန် လိုအပ်ကြောင်း အမှာစကား ပြောကြားခဲ့ပါသည်။

ယခုကဲ့သို့ နှစ်ရက်တာ ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပြဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများနှင့် နည်းလမ်းများ၊ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့များဖွဲ့စည်းဆောင်ရွက်နေမှု၊ သဘာဝဘေးအန္တရာယ် တုံ့ပြန်မှု၌ တပ်မတော်မှပူးပေါင်းဆောင်ရွက်ခဲ့ရာတွင် တွေ့ကြုံရသည့် အောင်မြင်မှုများနှင့် ပိုမိုကောင်းမွန် စေရန်ဆောင်ရွက်နိုင်သည်များ၊ အာဆီယံဒေသတွင်းအရေးပေါ်အခြေအနေအတွက် ကြိုတင် ပြင်ဆင်တုံ့ပြန် ရာ၌ တပ်မတော်မှကိုယ်စားလှယ်များ စေလွှတ်ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား လက်တွေ့ဆောင်ရွက်မှုများနှင့်အတူ  လိုအပ်သည်များ ဆွေးနွေးဖော်ထုတ်ခဲ့ကြပါကြောင်းနှင့် အဆိုပါ  အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ရှိလာသည့် အပြုသဘောဆောင်သည့် ဆွေးနွေးအကြံပြုချက်များအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတာဝန်ရှိသူများနှင့် အတူလက်တွဲကြိုးပမ်းဆောင် ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events