ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့် အရေးအခြေအနေကို ပုံမှန်သုံးသပ်ခြင်း လုပ်ငန်းစဉ် (UPR) ၏ အကြံပြုတိုက်တွန်းချက် များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း

4_Pic_01

၂၀၁၉ ခုနှစ်၊ ဇွန်လ (၃) ရက်

UPR အကြံပြုချက်များအနက် ကျား/မတန်းတူရည်တူရှိမှုမြှင့်တင်ရေးနှင့် ထိခိုက်ခံစားလွယ်သော အုပ်စုများကာကွယ်ရေး ဆိုင်ရာ လုပ်ငန်း ကော်မတီနှင့် ခွဲခြားမှုမပြုရေး ဆိုင်ရာ လုပ်ငန်းကော်မတီ(၂)ရပ်၏ အကြံပြုတိုက်တွန်းချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ ၌ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာန အနေဖြင့် လူ့အခွင့်အရေးနှင့်ပတ်သက်လျှင် လူတိုင်းအခြေခံ လူ့အခွင့်အရေးရရှိရေး၊ ဒီမိုကရေစီစံနှုန်း များနှင့် ညီညွတ်သော ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မည့် လူမှုအသိုက်အဝန်းတစ်ရပ်ပေါ်ပေါက် လာစေရေး အတွက် အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိတဲ့ လူမှုကာ ကွယ်စောင့်ရှောက်ရေး နည်းလမ်းများဖြင့်ဆောင်ရွက်ရေးမူဝါဒထားရှိပြီး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာနတစ်ခုထဲ ဆောင်ရွက်၍မရနိုင် သဖြင့် ပြည်သူ၊ INGOs/ NGOs အရပ်ဖက်လူမှုရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ကိုလည်းပြောကြားလိုပါကြောင်း၊ ယနေ့အစည်းအဝေးနှင့်စပ်လျဉ်း၍ UPR ဆိုသည်မှာ ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်ခြင်းလုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် လူ့အခွင့်အရေး ဆိုင်ရာဆောင်ရွက်ချက် များကိုတင်ပြ၍ သုံးသပ်မှုခံယူကြရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အစီရင်ခံစာကို ၅ နှစ် တစ်ကြိမ် တင်သွင်းခြင်းဖြစ်ပါကြောင်း၊ ပထမအကြိမ်အစီရင်ခံစာကို ၂၀၁၁ ခုနှစ်တွင်လည်းကောင်း၊ ဒုတိယအကြိမ် အစီရင်ခံစာကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးသို့ ပေးပို့တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ တတိယအကြိမ်အစီရင်ခံစာကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင် တင်သွင်းရမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ဒုတိယအကြိမ်အစီရင်ခံစာအပေါ် သုံးသပ်မှုခံယူခဲ့စဉ် အဖွဲ့ဝင်နိုင်ငံပေါင်း (၉၃) နိုင်ငံမှ အကြံပြုတိုက်တွန်းချက် (၂၈၁) ချက်အနက် မိမိတို့ နိုင်ငံအနေဖြင့် အကြံပြုချက်(၁၆၆)ချက်လက်ခံခဲ့ပါကြောင်း၊ ထိုအကြံပြုချက် (၁၆၆)ရပ်အပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရန် ကဏ္ဍ(၁၂)ရပ် ခွဲဝေထားရှိပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျား/မ တန်းတူ ရည်တူရှိမှု မြှင့်တင်ရေးကိစ္စနှင့် ထိခိုက်ခံစားလွယ်သောအုပ်စုများ ကာကွယ်ရေးဆိုင်ရာ အကြံပြုချက် (၁၅) ရပ်နှင့် ခွဲခြားမှုမပြုရေးကိစ္စဆိုင်ရာ အကြံပြုချက် (၁၅) ရပ်ကို တာဝန်ယူဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ UPR အကြံပြုချက် များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရန် အမျိုးသားအဆင့်ကော်မတီကို ၁၉-၁၀-၂၀၁၈ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ဒုတိယသမ္မတ (၁) ဦးဆောင်၍ ဖွဲ့စည်းခဲ့ပြီး ကဏ္ဍ(၁၂) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းကော်မတီ (၁၂) ရပ်ကို ဖွဲ့စည်းထားခဲ့ပါကြောင်း၊ မိမိတို့ အနေဖြင့် ကျား/မ တန်းတူ ရည်တူရှိမှုမြှင့်တင်ရေးနှင့် ထိခိုက်ခံစားလွယ်သောအုပ်စုများ ကာကွယ်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် ခွဲခြားမှုမပြုရေး ဆိုင်ရာလုပ်ငန်းကော်မတီ (၂) ရပ်ကို ဖွဲ့စည်း၍ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယနေ့အစည်းအဝေးတွင် UPR အကြံပြု ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ ပြောကြားလိုပါကြောင်း ပြောကြားသွားပါသည်။

ဆက်လက်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ ပြောကြားရာတွင် မြန်မာနိုင်ငံ လုံးဆိုင်ရာအမျိုးသမီးကော်မတီမှ ချမှတ်ထားသော မူဝါဒ (၄)ရပ်အနက် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်အကြမ်း ဖက်မှုမှကြိုတင် ကာကွယ်ရန်နှင့် စောင့်ရှောက်မှုများပေးရန်ဆိုသည့် အချက်ပါဝင်ပြီး အဆိုပါမူဝါဒကို အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန်နှင့် အမျိုးသမီးများနှင့် အမျိုးသမီး ငယ်ရွယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများမှ ထိရောက်စွာ ကာကွယ်ပေးနိုင်ရန်အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း)ကို ရေးဆွဲလျက်ရှိပါကြောင်း၊ ဥပဒေ(မူကြမ်း)ကို လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီသို့ တင်ပြခဲ့ပြီး ကော်မတီ၏သဘောထားမှတ်ချက်နှင့်အညီ ပြန်လည်ပြင်ဆင် မှုများ ဆောင်ရွက်ထား ရှိခဲ့ပါကြောင်း၊ ယနေ့အစည်းအဝေးတွင်လည်း ဥပဒေ(မူကြမ်း)အပေါ် ဆွေးနွေးမှုများ ဆောင်ရွက်သွားကြမှာဖြစ်ပါကြောင်း၊ မကြာမီထွက်ပေါ်လာဖို့ကို လည်း မိမိတို့ ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ အားလုံးမျှော်လင့်စောင့်စားနေတဲ့ ဥပဒေဖြစ်တဲ့အတွက် ဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာမှာ နှောင့်နှေးကြန့်ကြာမှုများ မရှိစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြား သွားပါသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ကျား/မ တန်းတူရည်တူ ရှိမှုမြှင့်တင်ရေးနှင့် ထိခိုက်ခံစားလွယ်သောအုပ်စုများ ကာကွယ်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် ခွဲခြားမှုမပြုရေး ဆိုင်ရာလုပ်ငန်းကော်မတီ (၂) ရပ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။

ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေး ဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသူများမှ ဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားကာ တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1_otr

#npw_jun2019

Source:  MSWRR

Sign Up

Upcoming Events