ဇွန် ၂ ၊ ညောင်လေးပင်
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျေးရိုးကျေးရွာအုပ်စု၌ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေဖြင့် တည်ဆောက်ထားသော ရမ်းတိုလာကျေးရွာ ချင်းဆက် တံတားဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်ဇင်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်ဆေး၊ လွှတ်တော်ကိုယ်စား လှယ်တို့က ဖွင့်လှစ်ခဲ့ပါ သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ မိမိတို့ဝန်ကြီး ဌာနအနေဖြင့် လူမှုဝန်ထမ်းကိစ္စရပ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကိစ္စရပ်များ၊ ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စု အစိုးရအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ၊ လွှတ်တော်တို့နှင့် ပူးပေါင်းကာ ပြည်သူများ၏အကျိုးစီးပွားကို အကောင်အထည်ဖော် လျက်ရှိကြောင်း၊ တိုင်းသူပြည်သား အားလုံးသာတူညီမျှ ခံစားခွင့်ရရှိရေးကြိုးပမ်းလျက်ရှိကြောင်း၊ သာတူညီမျှခံစားရရှိရန် လိုအပ်ချက်များသော နေရာများကို ဦးစားပေးဆောင်ရွက်ပေးခြင်း၊ အလိုအပ်ဆုံးကိစ္စရပ်များကို ဖြည့်ဆည်းပေးခြင်းများ ကိုဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်သူများကို အလျင်အမြန်ကူညီရန်လည်းလိုအပ်ကြောင်း၊ ကျေးလက်တွင် နေထိုင်သူမှာ (၇၀) ရာခိုင်နှူန်း ခန့်ရှိပြီး အဓိကအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကထားဆောင်ရွက်လျက်ရှိကြောင်း၊ ယခုရောက်ရှိကြသော ဒေသခံလူထုအနေဖြင့်လည်း ဆန်စပါးနှင့် ပဲစိုက်ပျိုးသည်ကိုသိရှိရကြောင်း၊ ကုန်ထုတ်ပစ္စည်းများကို လွယ်ကူစွာသယ်ပို့နိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ ယခု ရွာချင်းဆက် တံတားဖြစ်သော ရမ်းတိုလာတံတားသည် အရေးပါသော ကုန်ထုတ်လမ်း တံတားတစ်ခုဖြစ်ကြောင်း၊ ယခင်နှစ်ပေါင်းများစွာကပင် ယိုယွင်းပျက်စီးနေမှုအား ပြုပြင်ရန်အခြေအနေမရှိခဲ့ကြောင်း၊ ယခုတံတားသည် အခက်အခဲများကြားမှ ဒေသခံပြည်သူများက ပူးပေါင်း ဆောင်ရွက်သဖြင့် ဖြစ်ပေါ်လာသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ကျခံသုံးစွဲခဲ့ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း လိုအပ်သည်များကို ပူးပေါင်းပါဝင် ကူညီခဲ့မှုကြောင့် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးအစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်သူတို့၏ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်းဆုံးရလာဒ်ရရှိနိုင်သည်ကို ဤတံတား က သက်သေထူနိုင်ခဲ့ပါကြောင်း၊ ဤရွာချင်းဆက်တံတားသည် ရွာပေါင်း (၂၀) ကျော်အတွက် အကျိုးပြုမည်ဟု သိရှိရပါကြောင်း၊ ကုန်စည် စီးဆင်းမှုသည်လည်း ပိုမိုကောင်းမွန်သွားမည် ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးတို့ကိုလည်း များစွာအထောက် အကူပြုမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း တံတားရေရှည် တည်တံ့ခိုင်မြဲအောင် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က ကျေးဇူးတင်စကားပြောကြာခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ အဆိုပါ တံတားသည် အမျိုးသားသဘာဝဘေး အန္တရယ် ဆိုင်ရာ ရန်ပုံငွေမှ ကျပ် (၅၇) သန်းနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ (၅)သန်း စုစုပေါင်းငွေကျပ် ( ၆၂) သန်း ကုန်ကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညောင်လေးပင်မြို့၊ မြို့နယ်ခန်းမ၌ ညောင်လေးပင်မြို့နယ်အတွင်းရှိ ကလေးသူငယ် ပြုစုစောင့်ရှောက်သူများ၊ မိဘများနှင့်တွေ့ဆုံခဲ့ပါ သည်။ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပဋိသန္ဓေတည် သည်မှ သက်ကြီးဘိုးဘွားအထိ လူဘဝစက်ဝန်း တစ်လျောက် လူတစ်ဦးချင်း၊ တစ်ယောက်ချင်း၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်ခြင်းဆိုသည်မှာ မွေးစမှ (၈)နှစ်အထိ ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ပေးခြင်းသည် ဝန်ကြီးဌာန၏ အဓိကတာဝန်ဖြစ်ကြောင်း၊ မွေးစမှ ၃နှစ်အထိ နေ့ကလေးထိန်းအရွယ်ဖြစ်ပြီး၊ ၃နှစ်မှ ၅နှစ်ထိသည် မူကြိုအရွယ်၊ ၅နှစ်မှ ၈နှစ်အထိသည် ကျောင်းနေအရွယ် များဖြစ်ကြောင်း၊ ရှေးဦးအရွယ်သည် ၈နှစ်အထိ အရေးကြီးသည်ဆိုသော်လည်း မွေးစမှ ၂နှစ်အတွင်းသည် ပို၍အရေးကြီးပါကြောင်း၊ မွေးစမှ ၃နှစ်အရွယ်သည် အများအားဖြင့် အိမ်တွင် မိသားစုများနှင့်အတူ ကြီးပြင်းသွားပြီး အထူးဂရုပြုစောင့်ရှောက်မှုကို မရရှိသည့်ကလေးက ပိုများသည့်အတွက် ဂရုတစိုက်စနစ်တကျ နည်းမှန်လမ်းမှန်ဖြင့် ပြုစုစောင့်ရှောက်ရန်လိုအပ်ပါကြောင်း၊ ကလေးတစ်ယောက်၏ ဦးနှောက်ဖွံ့ဖြိုးမှုသည် ရက်ပေါင်း တစ်ထောင်ကာလအတွင်း၌သာ အကောင်းဆုံး အခြေခံဦးနှောက်ကောင်း ရရှိမှာဖြစ်သည်အတွက် ရှေးဦးအရွယ် မွေးစမှ ၂နှစ်အတွင်း စနစ်တကျဂရုစိုက်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ရှေးဦးအရွယ်ကလေးသူငယ်များအား ပြုစုစောင့်ရှောက်ရေးကဏ္ဍကို အာရုံစိုက် လုပ်ဆောင်လျက်ရှိရာ ယနေ့ကလေးငယ်များ သည် အနာဂတ်နိုင်ငံံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် တာဝန်များကို လက်ဆင့်ကမ်းယူရမည် ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် များပြုစုစောင့်ရှောက်ခြင်းသည် အနာဂါတ်အတွက် အကောင်းဆုံးရင်းနှီးမြှပ်နှံမှုဖြစ်ပါကြောင်း၊ ကိုယ်ဝန်စရှိချိန်မှ ကလေး၂နှစ်အထိ မိခင်များကို ငွေကြေးများထောက်ပံ့ပေးခြင်း (Maternal and Child Cash Transfer Program) ကို ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် စတင်ဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားခဲ့ပါသည်။
တက်ရောက်လာကြသူများက တစ်ကိုယ်ရေ မိခင်မှ မွေးဖွားလာသူများအားမှတ်ပုံတင် ပြုလုပ်ပေးမည့်ကိစ္စ၊ မွေးစာရင်းကိစ္စ၊ မသန်စွမ်း မွေးဖွားလာလျှင် ရှေရှည်စောင့် ရှောက်နိုင်ရေးနှင့် အစိုးရကတာဝန်ယူမည့်ကိစ္စများ၊ ညွှန်းပို့ရန်ကိစ္စများ ကိုဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြပြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ပဲခူး၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဒိုက်ဦး၊ ပြွန်တန်ဆာမြို့နယ်များမှ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ သဘာဝဘေးကူညီ ကယ်ဆယ်ရေး ပရဟိတ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာတွင် ကမ္ဘာ့ရာသီဥတုအပြောင်းအလဲများကြောင့် သဘာဝဘေး ပိုမိုကျရောက်နိုင်သည့် အတွက် မြန်မာနိုင်ငံအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင် ကာကွယ်မှုလုပ်ငန်း များဆောင်ရွက် လျက်ရှိပြီး သတင်းအချက်အလက်များကို ပြည်သူလူထုအချိန်နှင့် တပြေးညီသိရှိနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးတုန့်ပြန်ဆောင်ရွက်ရာတွင်လည်း အလျင်အမြန် တုန့်ပြန်နိုင်ရန် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းများကိုအဓိက လုပ်ဆောင် ရသည့် ဌာနဖြစ်ပါကြောင်း၊ ကော်မတီ၏ ရန်ပုံငွေအား သဘာဝဘေးကြိုတင်ပြင်ဆင်ရန် သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် သုံးစွဲရပြီး ဘက်စုံသုံး သဘာဝဘေးဒဏ်ခံ အဆောက်အဦများဆောက်လုပ်ပေးခြင်း၊ အရေးပေါ်အချိန်တွင် ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ အရန်မီးသတ်တပ်ဖွဲ့၊ အခြားလူမှုအဖွဲ့ အစည်းများနှင့် ပူပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း (၂၄) နာရီ Hot line ဖုန်းများဖွင့်လှစ်ပြီးအလျင်အမြန် တုန့်ပြန်ဆောင်ရွက်လျက်ရှိကြောင်း၊ ထောက်ပံ့ရေးလုပ်ငန်းများပိုမိုစနစ်ကျစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြာင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများပိုမို ထိရောက်စေရန် ဘေးသင့်ဒေသများအလျင်အမြန် ပြန်လည်ထူထောင်ရေးအဖွဲ့ကိုဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိရောက်စွာအားလုံး ပူးပေါင်းဆောင်ရွက်နိုင်ရေး ချိတ်ဆက်ထားရှိရှိ ရန်ကြိုပမ်းလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက်ကရင် တိုင်းရင်းသားရေးရာ ဝန်ကြီးဒေါ်နော်ပွယ်ဆေးက ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးဖြစ်ပွားခဲ့မှုများ၊ ကြိုတင် ပြင်ဆင်ကာကွယ်ရေးလုပ်ငန်များနှင့်ပတ်သက်၍ ရှင်လင်းပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အရေးပေါ်စီမံခန့်ခွဲမှု ဗဟိုဌာနမှ ဌာနကြီးမှူးက သဘာဝဘေးများနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်မှု၊ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှုများကို ရှင်းလင်းပြောကြား ခဲ့ပါသည်။
တက်ရောက်လာသူများက သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ သဘာဝဘေးသင်တန်းများရရှိရေး၊ ချောင်းရေတိုက်စားမှု အခြေအနေများ၊ အရေးပေါ်အခြေအနေတွင် လက်တွေ့ဆောင်ရွက်ရာတွင် တွေ့ကြုံ ရသော အခက်အခဲများနှင့် ပတ်သက်ပြီး တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။
ဆက်လက်၍ ညောင်လေးပင်မြို့နယ်၊ စည်ပင်ကျေးရွာတွင် မြေသားရေကန် တည်ဆောက်ခြင်းလုပ်ငန်းနှင့် ငါးကြီးအိုင် ကျေးရွာ မြေသား ရေကန်ချဲ့ခြင်းလုပ်ငန်း များဆောင်ရွက်ရန် စုစုပေါင်း (၃၅သိန်း) ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး မြို့မိမြို့ဖ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1_otr
#Bgo_jun2019
Source: MSWRR