ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွက် မကွေးတိုင်းဒေသကြီးလူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံ

2_Pic_02

၁ ဇွန်လ၊ မကွေးတိုင်းဒေသကြီး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မကွေးတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ အလုပ်သမားနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး၊ ချင်းတိုင်းရင်သားရေးရာဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် လူမှု ဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့တော်ခန်းမတွင် သဘာဝဘေး ကြိုတင်ကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်များအတွက် အရပ်ဖက်လူမှုအဖွဲ့အစည်း များ၊ သဘာဝဘေးကူညီကယ်ဆယ်ရေးပရဟိအဖွဲ့အစည်းများ၊ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အစိုးရ၏ မူဝါဒ အနေဖြင့် ပြည်သူများ အားလုံးသာတူညီမျှခံစားရရှိရေးအတွက် တရားဥပဒေစိုးမိုးရေးနှင့် လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်လာရေး စသည့်ဦးတည်ချက်(၃)ရပ်ထားပြီး ဆောင်ရွက် လျက်ရှိကြောင်း၊ ဘေးအန္တရာယ်များ ကျရောက်ပါက ရှိရင်းစွဲအခြေအနေများ ပျက်ပြားသွားပြီး ရှေ့ဆက်လုပ်ဆောင်ရန် အခက်အခဲဖြစ်သွားပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကို စနစ်တကျ လုပ်ဆောင်ခြင်းသည် လူမှုစီပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်နှင့်ပတ်သက်၍ ပျက်စီးဆုံးရှုံးမှုလျော့နည်းအောင် လူ့အသက်သေဆုံးမှုမရှိ အောင် စီမံဆောင်ရွက်ရကြောင်း၊ စနစ်ကျသော၊ ကြိုတင်မျှော်မှန်း၍ရသော၊ အတွေ့အကြုံများကို အခြေခံသော၊ သုတေသနရလဒ်များကို အခြေခံသောအချက်အလက်များပေါ်မူတည်ပြီး ကြိုတင် ပြင်ဆင်မှုများဆောင်ရွက်ခြင်းနှင့် သတင်းအချက်အလက်များကိုရယူခြင်းဖြင့် ကြိုတင်ပြင်ဆင်မှု ကောင်းလျှင် ထိခိုက်ဆုံးရှုံးမှုလျော့နည်းသွားမည် ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း ဘေးသင့်ဒေသများ အလျင်အမြန်ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီသည် လုပ်ငန်းကော်မတီ (၁၂)ခုဖြင့် ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်များထိ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အလျင်အမြန် တုံ့ပြန်နိုင်ရေးသည် အရေးကြီးပြီး သတင်းအချက်အလက်များ မှန်ကန်မြန်ဆန်စွာရရှိနိုင်ရေးသည် လည်းအရေးကြီးကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း လူအင်အားလုံလောက်မှုမရှိသည့်အတွက် အခြားဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အင်အားဖြင့်အဓိကထားဆောင်ရွက်ရကြောင်း၊ အခြားမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ လူမှုအဖွဲ့အစည်းတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများမှလည်း ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်များသည်လည်း အဓိကအခန်း ကဏ္ဍတွင်ပါဝင်ကြောင်း၊ ထိရောက်သော တုံ့ပြန်မှုများလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်များတွင် တပ်မတော်၏ ပူပေါင်းဆောင်ရွက်မှုသည် အလွန် အကျိုးရှိကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အလျင်အမြန် ပြန်လည် ထူထောင်ရေးအဖွဲ့ ဖွဲ့စည်းပြီးနောက် ပိုမိုလျင်မြန်လာသည်ကို သိရှိရကြောင်း၊ ပိုမိုထိရောက်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာကြီး၏ ပြောင်းလဲလာ သော ရာသီဥတုဖောက်ပြန်မှုများကြောင့် ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်များကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးက မကွေးတိုင်း ဒေသကြီးအတွင်းဖြစ်ပွားခဲ့သော သဘာဝဘေးများ၊ ကြိုတင်ပြင်ဆင်မှုများကို ဆွေးနွေးပြောကြား ခဲ့ပြီး တက်ရောက်လာကြသူများက သောက်သုံးရေရှားပါးနေမှု၊ မြစ်ရေတိုက်စားမှုဒဏ် ခံစားနေရ မှု၊ ရေရှားပါးမှု ပြဿနာတွင် ရေသယ်ယာဉ်လိုအပ်ချက်ရှိမှု၊ ထောက်ပံ့ရေးဆောင်ရွက်ရာတွင် မော်တော်ယာဉ်လိုအပ်ချက်ရှိမှု၊ ပူးပေါင်းဆောင်ရွက်ရေးပိုမိုအားကောင်းစေရေး၊ သဘာဝဘေး ကျရောက်ချိန်တွင် အစားအသောက်ထောက်ပံ့မှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးစသည့် ကိစ္စရပ် များနှင့် ပတ်သက်၍ တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူ များက ပြန်လည်ညှိနှိုင်းဆွေးနွေးပေးခဲ့ပါသည်။
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ မင်းဘူး(စကု) မြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါးပြို ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် ရန်အတွက် ကုန်ကျငွေ – ကျပ် (၂၂၃.၈၄၉)သန်းနှင့် စေတုတ္တရာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်တွင် Multi-Purpose Shelter (၁)လုံး ဆောက်လုပ်ရန်အတွက် ကုန်ကျငွေ-ကျပ်(၂၀၀.၀၀၀)သန်း၊ စုစုပေါင်းကုန်ကျငွေ ကျပ် (၄၂၃.၈၄၉)သန်းအား လွှဲပြောင်းပေးအပ်သွားပြီး မကွေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးများမှ လက်ခံရယူကြောင်း သတင်းရရှိပါသည်။

#hl1
#mgy_jun2019

Source: MSWRR

Sign Up

Upcoming Events