

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသည် အာရှဒေသသဘာဝဘေး ကြိုတင်ပြင်ဆင်ရေးဌာန (Asian Disaster Preparedness Center – APDC) နှင့် ပူးပေါင်း၍ “ရေကြီးရေလွှမ်းမိုးမှုအား အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်သည့် HYDRA Floods Portal အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (National Workshop on Near-Real-Time Flood Monitoring with HYDRA Floods for Myanmar)” ကို ၂၀၁၉ ခုနှစ်၊ မေလ (၃၀-၃၁)ရက်နေ့များတွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။ ၎င်းအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ ၃၀ ရက်နေ့က နေပြည်တော်ရှိ Hotel Max တွင် ကျင်းပခဲ့ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်လဲ့လဲ့အေးတက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ရာ မြန်မာနိုင်ငံတွင် နှစ်စဉ်ဖြစ်ပွားသည့် ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများ ကြီးမားပါကြောင်း၊ ရေကြီးရေလွှမ်းမိုးမှုများသည် နှစ်စဉ်ဖြစ်ပွားလျက်ရှိပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရာ၌ သိပ္ပံနည်းကျ အချက်အလက်များကို ရယူအသုံးပြုပြီး ပိုမိုထိရောက်မှုရှိသော တုံ့ပြန်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများ ရေဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားရမှုမှ လျော့နည်းသက်သာစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ယနေ့ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ၌ နည်းပညာပိုင်း အဓိကပူးပေါင်းဆောင်ရွက်သော ADPC/ SERVIR-Mekong နှင့် ပူးပေါင်း၍ ရေကြီးရေလွှမ်းမိုးမှုအခြေအနေနှင့် စပ်လျဉ်း၍ အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ပြီး သတင်းအချက်အလက် ရယူနိုင်မည့် စနစ်တစ်ခု ပေါ်ပေါက်လာစေရန် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၎င်း စောင့်ကြည့်စနစ်မှာ ရေဘေးအန္တရာယ် ဖြစ်ပွားနိုင်မှုအလားအလာများကို ဖော်ထုတ်သိရှိပြီး ရေဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများမှ လျော့နည်းသက်သာစေရေး ကြိုတင် ပြင်ဆင်ခြင်းနှင့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများအား ထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ယခုလို နည်းပညာပိုင်းဆိုင်ရာစနစ်များအသုံးပြုခြင်းဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတင်းအချက်အလက် ရယူနိုင်မည့် စနစ်များ ဖော်ထုတ်ထားခြင်းသည် မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစီမံချက် (MAPDRR)ကို အကောင်အထည်ဖော်လျက်ရှိပြီး မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ကိုပါ အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါကြောင်း၊ ရေကြီး ရေလွှမ်းမိုးမှုဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့် လေ့လာနိုင်ပြီး အစိုးရဌာနများအကြား သတင်းအချက်အလက်များ စီးဆင်းနိုင်သည့် စနစ်တစ်ခု ဖြစ်လာပြီး ရေကြီးရေလွှမ်းမိုးမှုများအား တုံ့ပြန် ဆောင်ရွက်လျက်ရှိသည့် ဆက်စပ်ဌာန အနေဖြင့်လည်း ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် အဓိကဆွေးနွေးမည့် Hydrological Remote Sensing Analysis of Floods – HYDRA Floods စနစ်နှင့်စပ်လျဉ်း၍ ရေဘေး တုံ့ပြန်မှု လုပ်ငန်းများတွင် ပိုမိုအကျိုးရှိစွာ အသုံးချနိုင်စေရေး ဆွေးနွေးပေးကြပါရန် တိုက်တွန်း ပြောကြားခဲ့ပါကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ၎င်းအလုပ်ရုံ ဆွေးနွေးပွဲသို့ သက်ဆိုင်ရာအစိုးရဌာနများနှင့် နည်းပညာဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#npw_may2019
Source : DDM (EOC)