၂၅-၅-၂၀၁၉ ၊ ဝိုင်းမော်
မြစ်ကြီးနားမြို့တွင်ရောက်ရှိနေသော ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၊ အဖွဲ့ခေါင်းဆောင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်း၊ ကချင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်း ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီး(ဗိုလ်မှူးကြီး) ဗိုလ်မှူးကြီးထွန်းနေလင်း၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် လုပ်ငန်းအဖွဲ့အဖွဲ့ဝင်များသည် မူလနေရပ်များသို့ မိမိဆန္ဒအလျောက် ပြန်လည်နေထိုင်လျှက်ရှိကြသည့် ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေးရွာသို့သွား ရောက်၍ ဒေသခံကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားပြီး လိုအပ်ချက် များ ဖြည့်ဆည်း ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။
အဖွဲ့ခေါင်းဆောင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင်က ပြောကြားရာတွင် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ မိမိတို့နေရပ်များ သို့ ဂုဏ်သိက္ခာရှိစွာဖြင့် ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ရေး၊ ပြန်လည်အခြေချနေထိုင်နိုင်ရေးကိစ္စများ ဆောင်ရွက်ရန်အတွက် မိမိတို့လုပ်ငန်းအဖွဲ့ကို နိုင်ငံတော်မှ ဖွဲ့စည်းတာဝန်ပေးအပ်ထားပါကြောင်း၊ ယခု မိမိဆန္ဒအလျောက် မူလနေရပ်များသို့ ပြန်လည်နေထိုင်လျက်ရှိကြသည့် ဝိုင်းမော်မြို့နယ် နန်ဆန်ယန် ကျေးရွာသို့ လာရောက်တွေ့ဆုံ၍ ကျေးရွာသူ/ကျေးရွာသားများ၏ လတ်တလော လိုအပ်ချက်များ၊ ရေတို/ ရေရှည်ဆောင်ရွက်ပေးရမည့်ကိစ္စများကို မြေပြင်ကွင်းဆင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လာရောက် ခြင်းဖြစ်ပါကြောင်း၊ လတ်တလော နိုင်ငံတော်အစိုးရမှ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စများ ဆောင်ရွက်ပေးထားသည်ကိုတွေ့ရှိရပြီး စားနပ်ရိက္ခာနှင့် ယာယီအဆောက်အဦများအတွက် အိမ်မိုး သွပ် များ၊ မိုးကာများ ထောက်ပံ့ပေးထားသည်ကို တွေ့ရပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် တပ်မတော်ဆေးအဖွဲ့ကလည်း စောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ ကျေးရွာ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတို့က ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးသွားမည်ဖြစ်ပြီး လူမှုအဖွဲ့အစည်းများ၏အားကိုလည်း ရယူပေးသွားမှာဖြစ်ပါကြောင်း၊ ကဏ္ဍ အသီးသီးတိုင်းတွင် ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖော်ဆောင်ပေးရေး၊ လယ်ယာ မြေများပြန်လည်ဖော်ထုတ်ပေးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့်လုပ်ငန်းများအတွက် နိုင်ငံတော်မှ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း၊ ကျေးရွာကို အစမှ ပြန်လည်ထူထောင်ရခြင်း ဖြစ်သည့်အတွက် လိုအပ်ချက်များစွာရှိသည်ကို ခံစားနားလည်ရပါကြောင်း၊ အားလုံးပူးပေါင်း ဆောင်ရွက်သွား ကြမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများကလည်း အားပေးစကားပြောကြား ခဲ့ကြပါသည်။
ထို့နောက် ဒုတိယဝန်ကြီးက ပြန်လည်ပြောင်းရွေ့လာခဲ့သည့် အိမ်ထောင်စု (၉၈) စု ၊ လူဉီးရေ (၆၁၃) ဦးအတွက် အသေးသုံးဟင်းရံဖိုးငွေ တစ်ဦးလျှင် (၂၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၁,၂၂၆,၀၀၀) အားလည်းကောင်း ၊ ကိုယ်ဝန်ဆောင် မိခင်တစ်ဦးအတွက် (၃၀၀၀၀) ကျပ်အားလည်းကောင်း၊ ကလေးငယ်များအတွက် ကစားစရာအရုပ်များနှင့် မုန့်များကိုလည်းကောင်း ထောက်ပံ့ပေးခဲ့ပါသည်။ ကချင်ပြည်နယ် လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းနှင့် လူမှုရေးဝန်ကြီး ဦးနေဝင်းတို့မှလည်း အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆားနှင့် ခေါက်ဆွဲခြောက်များကိုလည်းကောင်း၊ ပညာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူက ကျောင်းသုံးဗလာစာအုပ်များကိုလည်းကောင်း ထောက်ပံ့ပေးခဲ့ပါသည်။
ဆက်လက်၍ ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြောကြားရာတွင် မိမိတို့ကျေးရွာအတွက် ယခုကဲ့သို့ နိုင်ငံတော်အဆင့်မှ လာရောက်ကြည့်ရှုဆောင်ရွက်ပေးသည့်အတွက် များစွာဝမ်းသာပါကြောင်း ၊ကနဦးထောက်ပံ့မှုဖြင့် လူကယ်ပြန်ဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တို့ကလည်း ထောက်ပံ့ပေးထားပါကြောင်း၊ ဆက်လက်၍လည်း လိုအပ်ချက်များဖြစ်သည့် အိမ်ရာများ ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ပံ့ပိုးပေးနိုင်ရေး၊ ကျေးရွာတွင်းလမ်းများ ပိုမိုကောင်းမွန်စေရေး၊ စက်ယန္တရာများဖြင့် လယ်ယာမြေများ ပြန်လည်ဖော် ထုတ်ပေးနိုင်ရေး ၊ စာသင်ကျောင်းများ ပြုပြင်ပေးရေး ၊ တစ်ပိုင်တစ်နိုင် မွေးမြူရေးအတွက် အထောက်အပံ့ ပေးနိုင်ရေး၊ သန့်ရှင်းသော သောက်သုံးရေများ ရရှိရေး စသည့်လိုအပ်ချက်ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုပါကြောင်း တင်ပြခဲ့ရာ ဒုတိယ ဝန်ကြီးနှင့် ဌာနဆိုင်ရာ များက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးရွာအတွင်းရှိ နေအိမ်များ ပြန်လည်တည်ဆောက် ထားမှုကို လည်းကောင်း၊ နယ်မြေခံတပ်မှ ကျေးရွာအတွင်းဖွင့်လှစ်ပေးထားသည့် ဆေးခန်းကို လည်းကောင်း၊ လာမည့်ဇွန်လတွင် ဖွင့်လှစ်မည့် အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းဆောင်၏ အခြေအနေများ၊ ပြုပြင်ပေးရန် လိုအပ်ချက်များကိုလည်းကောင်း သွားရောက် ကြည့်ရှုကာ လိုက်ပါလာသည့် လုပ်ငန်းအဖွဲ့ဝင်များမှ မိမိတို့နှင့် သက်ဆိုင်သည့် ကဏ္ဌများအလိုက် ကျောင်းဖွင့်အမီ ပြုပြင်ဆောင်ရွက်ပေးရန်ညှိနှိုင်းပေးခဲ့ပါသည်။ ဆက်လက်၍ နန်ဆန်ယန်ဘုန်းတော်ကြီး ကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမျော်ကြည်ညိုကာ အလှူငွေများ လှူဒါန်း ခဲ့ပါသည်။ ထို့နောက် စိန်ပေါလ် ဘုရားရှိခိုးကျောင်းသို့ သွားရောက်ကာ ကျောင်းသား/ကျောင်းသူ များအတွက် အသင်းတော်က ဆောက်လုပ်ပေးမည့် ဘော်ဒါဆောင်မြေနေရာကိုကြည့်ရှု၍ ခရစ်ယာန် ဘုန်းတော်ကြီး၊ အကျိုးဆောင်တို့နှင့်အတူ အဆောက်အဦ ပန္နက်ရိုက်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#hl2
#kcn_may2019