မေ ၂၃၊ နေပြည်တော်
^^^^^^^^^^^^^^^^^
*
နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ကျင်းပပြုလုပ်သော ပဋိပက္ခများအတွင်း လိင်အကြမ်း ဖက်မှုအဆုံးသတ်ရေး နိုင်ငံတကာညီလာခံတက်ရောက်ရန်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် မေလ ၂၂ရက်နေ့ နေ့လည်ပိုင်းတွင် ပဋိပက္ခအတွင်းအမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Pramila Patten ၊ Norwegian People’s Aid အဖွဲ့မှ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ Ms. Henriette Killi Westhrin၊ မြန်မာနိုင်ငံ ဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Ms. Christine Schraner Burgener တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ကြပါသည်။
*
ရှေးဦးစွာ ပဋိပက္ခအတွင်းအမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Pramila Patten နှင့်အော်စလိုမြို့ ၊ Radisson Blu Hotel သီးသန့်ဧည့်ခန်းမဆောင်၌ တွေ့ဆုံရာတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်တားဆီးရေး ဥပဒေချမှတ်ပြဋ္ဌာန်းနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက် လျက်ရှိသည့်အခြေအနေများ၊ ပဋိပက္ခများတွင် အမျိုးသမီးများအား အကြမ်းဖက်မှုကာကွယ် တားဆီးရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအတွက် အမျိုးသားအဆင့်ကော်မတီဖွဲ့စည်းဆောင်ရွက် နေသည့်အခြေအနေများ၊ အဆိုပါ ကာကွယ်တာဆီးရေးအတွက် လုပ်ငန်းစီမံချက်ရေးဆွဲနေမှုနှင့် လုပ်ငန်းကော်မတီဖွဲ့စည်းမှုအခြေအနေများ၊ လိင်အကြမ်းဖက်မှုတိုက်ဖျက်မှုရေးအတွက် UNFPA၊ UNWOMEN အဖွဲ့အစည်းတို့အပြင် ပြည်တွင်းရှိအမျိုးသမီးရေးရာအဖွဲ့အစည်းများ ၊ ကွန်ရက်များ နှင့် ချိတ်ဆက်ဆောင်ရွက်နေမှုအခြေအနေများ၊ ကုလသမဂ္ဂအဖွဲ့အစည်းနှင့် အစိုးရတို့ပူးပေါင်း ဆောင်ရွက်ရေးသဘောတူ လက်မှတ်ထိုးထားမှုအပေါ်အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
*
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက Norwegian People’s Aid အဖွဲ့မှ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သူ Ms. Henriette Killi Westhrin နှင့် အဖွဲ့တို့အား အော်စလိုမြို့ မြန်မာ နိုင်ငံဆိုင်ရာသံရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် Norwegian People’s Aid အဖွဲ့နှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ အကြားနားလည်မှု စာချွန်လွှာရေးထိုးရေးပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ၊ မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းများ အရှိန်မြှင့်တင်ရေးစီစဉ်ဆောင်ရွက်မှုများ၊ Norwegian People’s Aid အဖွဲ့၏ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့နှင့် ပူးပေါင်း၍ မိုင်းရှင်းလင်းရေးသင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများစီစဉ်ကျင်းပမှုအခြေအနေများ၊ လူအရင်းအမြစ်ဖွံံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်စေလွှတ်မည့် အခြေအနေများအပေါ် ဆွေးနွေးခဲ့ကြပါသည်။
*
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နှင့် အဆိုပါ အစည်းအဝေးခန်းမတွင် ဆက်လက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးလုပ်ငန်းစဉ် သတင်းအချက်အလက်စာလွှာ (Fact sheet) များ စီစဉ်ဆောင်ရွက်နေမှုအခြေအနေများ၊ UNHCR အဖွဲ့နှင့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးမည့် အခြေအနေများ၊ ဒုက္ခသည်စခန်းများပိတ်သိမ်းနိုင်ရေး မူဝါဒချမှတ် ဆောင်ရွက်မည့်အခြေအနေများ၊ ပြန်လည်လက်ခံရေးလုပ်ငန်းများ အပေါ်အာဆီယံအဖွဲ့အစည်း၏ ပူးပေါင်းမှုအခြေအနေများ၊ ကလေးသူငယ်အခွင့်အရေးများအတွက် ဥပဒေအသစ်ရေးဆွဲ ပြဌာန်း နိုင်ရေးဆောင်ရွက်နေမှုအခြေအနေများ၊ ပဋိပက္ခများအတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှု ကာကွယ်တားဆီးရေး ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများအပေါ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1