မေ ၂၃၊ နေပြည်တော်
*
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commissioner for Refugees- UNHCR) တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
*
ဒုတိယဝန်ကြီးက ယခုကဲ့သို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် UNHCR အဖွဲ့အစည်းတို့အကြား နားလည်မှုစာချွန်လွှာကို အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်သည့် အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ရှေ့ဆက်လုပ်ငန်းများတွင်လည်း အပြန်အလှန် နားလည် မှုဖြင့် ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ ယနေ့ရေးထိုးသည့် နားလည်မှုစာချွန်လွှာသည် အဖွဲ့အစည်းနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်တစ်ခုဖြစ်ပြီး အသေးစိတ် လုပ်ငန်းစဉ်များကို ထပ်မံညှိနှိုင်းဆွေးနွေး ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ MoU အရ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရာတွင် အခက်အခဲများနှင့် စိန်ခေါ်မှုများရှိပါကလည်း မိမိတို့ဝန်ကြီးဌာနအား ဦးစွာအသိပေးဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ အခက်အခဲများရှိခဲ့လျှင်လည်း ညှိနှိုင်း ပူးပေါင်း၍ အဖြေရှာကြရန်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လူသားချင်းစာနာကူညီမှု လုပ်ငန်းများကို အလေးထားဆောင်ရွက်ရသကဲ့သို့ တစ်ဖက်တွင်လည်း ဘေးသင့်ဒေသ၏ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးတို့ကိုပါ ဦးစားပေးလုပ်ဆောင်ရပါကြောင်း၊ UNHCR နှင့် လက်ရှိ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသော ရွှေ့ပြောင်း အလုပ်သမားများအား ပြန်လည်လက်ခံခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းနေရပ်စွန့်ခွာ သူများအား ထောက်ပံ့ခြင်းနှင့် လူသားချင်းစာနာမှုအကူအညီများ ပံ့ပိုးပေးခြင်း လုပ်ငန်းများတွင် လည်း ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန် မျှော်လင့်ပါကြောင်း စသည်ဖြင့်ပြောကြားခဲ့ပါသည်။
*
ဆက်လက်၍ UNHCR ၏ မဟာမင်းကြီးဖြစ်သူ Mr. Philipo Grandi က MoU လက်မှတ်ရေးထိုးနိုင်သည့်အတွက် များစွာဝမ်းမြောက်ပါကြောင်း၊ ဒုတိယဝန်ကြီး၏ အဖွင့်အမှာ စကားနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံသို့ မိမိလာရောက် စဉ်အချိန်အတွင်း လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်ပေးခဲ့သည့်အတွက်လည်း ကျေးဇူးအထူးတင်ရှိ ပါကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။
*
ထို့နောက် UNHCR ၏ မဟာမင်းကြီး Mr. Philipo Grandi နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်တို့က နားလည်မှုစာချွန်လွှာကို အပြန်အလှန် လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြပါသည်။
*
အဆိုပါအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ UNHCR ၏ ဌာနေကိုယ်စားလှယ်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl2