ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များအပေါ် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

20 Pic 03

မေ၊၂၀၊ နေပြည်တော်၊

ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာရှေ့လုပ်ငန်းစဉ်များပေါ် ညှိနှိုင်းအစည်းအဝေး နေပြည်တော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယ ဝန်ကြီး များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက ဖားကန့်ဒေသရှိ ရွှေ့ပြောင်း အလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာလုပ်ငန်းကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးမှ (၄-၁၀-၂၀၁၈)ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများပါဝင်သော အဖွဲ့ဝင် (၁၄)ဦးဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း၊ လုပ်ငန်းတာဝန်များမှာ ကချင်ပြည်နယ်၊ ဖားကန့်ဒေသအတွင်း ရွှေ့ပြောင်းအလုပ်သမားများ၊ ရေမဆေးကျောက်ရှာဖွေသည့် အလုပ်သမားများ၊ ထိခိုက်လွယ်အုပ်စုများ ဖြစ်ကြသော မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ တိုက်ပွဲရှောင်စခန်းများမှ ဒုက္ခသည်မိသားစုများ အတွက် လူနေမှုအဆင့်အတန်းနှင့် အညီပြည့်စုံစွာ နေထိုင်နိုင်ရေးဆောင်ရွက်ခြင်း၊  ပြည်သူလူထု၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပွင့်လင်းမြင်သာစွာ ထိရောက်စွာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအားဆောင်ရွက်ခြင်း၊ ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင် တုံ့ပြန်နိုင်စွမ်းရှိသော လူမှုအသိုက်အဝန်းဖြစ်ပေါ်စေရေးနှင့် ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝ ရရှိရေးအတွက် ထိရောက်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စီမံချက်ချမှတ်ဆောင် ရွက်ခြင်း၊ အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်သော လူမှုအသိုက်အဝန်း တစ်ရပ် ဖြစ်ပေါ်လာစေရန်အတွက် ဆောင်ရွက်ခြင်း၊ မြေလွတ်မြေရိုင်းများတွင် အခြေချနေထိုင် နိုင်ရေးအတွက် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေနှင့် အညီစီမံဆောင်ရွက်ခြင်း၊ ဖားကန့်ဒေသရှိအခြေခံ လူတန်းစား၊ ရွှေ့ပြောင်းအလုပ်သမားများ (ရေမဆေးကျောက်သမားများအပါအဝင်)၊ မူးယစ်ဆေးစွဲသူ များနှင့် ဘဝရပ်တည်ရန်ခက်ခဲသည့် အုပ်စုများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ခြင်း၊ ဖားကန့်ဒေသရှိ မူးယစ်ဆေးစွဲသူများအား စိစစ်ဖော်ထုတ်၍ မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊  မြေယာနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရေရှည်စီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း များအတွက် ဘဏ္ဍာငွေရရှိရေး ပြည်နယ်အစိုးရနှင့်အတူ သက်ဆိုင်ရာအစိုးရဝန်ကြီးဌာနများ၊ ပြည်တွင်း/ ပြည်ပမှ စေတနာရှင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးအသင်း အဖွဲ့အစည်း များနှင့်ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်ခြင်း၊ ဖားကန့်ဒေသအတွင်း ရွှေ့ပြောင်း အလုပ်သမားများ အတွက် ပြန်လည်ထူထောင်ရေးစီမံကိန်း၏  တရားဥပဒေစိုးမိုးရေး၊   အဂတိတိုက်ဖျက်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မြေယာစီမံခန့်ခွဲပိုင်ခွင့်ရှိရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ရေးတို့အတွက် ပြည်ထောင်စုနှင့် ပြည်နယ်အဆင့်တို့မှ အတူတကွပူးပေါင်းဆောင်ရွက်ခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများ အတွက် လိုအပ်သည့်အမိန့်၊ အမိန့် ကြော်ငြာစာ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များအား ထုတ်ပြန်ရန် သက်ဆိုင်ရာ လုပ်ငန်း အဖွဲ့ခွဲမှတင်ပြလာပါက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့တင်ပြခြင်းတို့ ပါဝင်ကြောင်း၊ လုပ်ငန်း အဖွဲ့ခွဲ (၆)ဖွဲ့ကိုလည်း ဖွဲ့စည်းပေးခဲ့ကြောင်း၊ (၃၀-၁၀-၂၀၁၈)ရက်နေ့တွင် ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၈)ကို နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ထိုအစည်းအဝေးမှရရှိသည့် ဆုံးဖြတ်ချက်(၃၉)ချက်အား လုပ်ငန်းအဖွဲ့ခွဲ(၆)ဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များ အဖြစ်သတ်မှတ်ခဲ့ကြောင်း၊ ဒေသခံပြည်သူများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ တင်ပြချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့ အစည်းအဝေးခေါ်ယူခြင်း ဖြစ်ပါကြောင်း၊ တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြစေလိုကြောင်း ပြောကြားပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ဖားကန့်ဒေသ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲ များ၊ ရှေ့တွင်ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်အားလုံးပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပါသည်။

ထို့နောက်အစည်းအဝေးတက်ရောက်လာကြသော ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ဒေါက်တာ ရဲမြင့်ဆွေ၊ ဦးစိုးအောင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က လုပ်ငန်းအဖွဲ့ခွဲများအလိုက် ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးကြပါသည်။ 

ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက လုပ်ငန်းခွဲများအလိုက် လက်တွေ့မြေပြင်တွင် လက်ရှိဥပဒေများ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ သက်ရောက်မှုရှိ/မရှိ  ကွင်းဆင်း၍ ဒေသခံပြည်သူများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်တွေ့ဆုံရန် တိုက်တွန်းပါကြောင်း၊ မိမိတွင်ရှိသည့် အင်အားနှင့် အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်သည့်နေရာတွင် ဆောင်ရွက်မှုများ ထိရောက်မှုရှိရန်၊ လက်တွေ့မြေပြင်တွင် အမှန်တကယ်အပြောင်းအလဲဖြစ်ရန် လုပ်ငန်းအဖွဲ့ခွဲအသီးသီးမှ အားထည့် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ ယနေ့အကြံပြုချက်များကို စုစည်းပြီးလုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီသို့ ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

#hl1

Sign Up

Upcoming Events