ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ဆဋ္ဌမအကြိမ် မြောက် ညီလာခံသို့ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်

19 Pic_01

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် မေလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့ထိ ကျင်းပ ပြုလုပ်သည့် ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ဆဋ္ဌမအကြိမ် မြောက်ညီလာခံသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင် ဦးဆောင်၍ ဂျီနီဗာမြို့ရှိ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်း၊ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဦးကျော်မိုးဦးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။

အဆိုပါညီလာခံကို ၂၀၀၇ ခုနှစ်မှစ၍ (၂) နှစ်လျှင်တစ်ကြိမ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၌ အလှည့်ကျ ကျင်းပလျက်ရှိပြီး ကမ္ဘာ့နိုင်ငံအသီးသီး၏ နိုင်ငံတော်အဆင့် အကြီးအကဲများဖြစ်သည့် ဒုတိယသမ္မတများ၊ ဝန်ကြီးချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်ကိုယ်စားလှယ်ကြီးများ၊ UN ၊INGOs အဖွဲ့အစည်းများမှ ထိပ်တန်းတာဝန်ရှိသူများ၊ အရပ်ဖက်လူမှုရေး အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကမ္ဘာတစ်ဝှမ်းလုံးရှိ တက္ကသိုလ်များမှ ပညာရှင်များ၊ သတင်းမီဒီယာများ တက်ရောက်လေ့ရှိပြီး ယခု အစည်းအဝေးသို့နိုင်ငံပေါင်း (၁၈၂) နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း (၄၀၀၀) ကျော် တက်ရောက်ခဲ့ပါသည်။

ယခုနှစ်ကျင်းပသည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး အတွက် ကမ္ဘာလုံး ဆိုင်ရာ ဆဋ္ဌမအကြိမ်မြောက် ညီလာခံတွင် ဒုတိယဝန်ကြီး ဦးစိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားများ အပါအဝင် ဝန်ကြီးအဆင့် တံခါးပိတ်ဆွေးနွေးပွဲများ၊ High Level Dialogues များ၊ အလုပ်သဘော ဆွေးနွေးပွဲများ၊ side events များ တက်ရောက်ခြင်း၊ မိတ်ဖက်နိုင်ငံများမှ အဆင့်မြင့် ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးအတွက် ဆောင်ရွက်နေမှု အခြေအနေနှင့် နိုင်ငံတကာမှ ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု အခြေအနေများအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

ညီလာခံဒုတိယနေ့တွင် ဒုတိယဝန်ကြီးဦးစိုးအောင်သည် ဘေးအန္တရာယ်များကြောင့် ထိခိုက် ဆုံးရှုံးမှုလျော့ပါးရေးအတွက် မြန်မာနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်မှုများကို မိန့်ခွန်း ပြောကြားရာ၌ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရာသီဥတုပြောင်းလဲခြင်းကြောင့် သဘာဝဘေးအန္တရယ် များ ပိုမိုပြင်းထန်စွာနှင့် ဖြစ်ရိုးဖြစ်စဉ်ထက် ကျော်လွန်သည့်ဖြစ်ရပ်များ ကြုံတွေ့နေရသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း အမြင့်ဆုံးအပူချိန်သို့ ကျော်လွန်ရောက်ရှိသည့် ဖြစ်စဉ်များ လက်တွေ့ ကြုံတွေ့လျက်ရှိပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် သဘာဝဘေးလျော့ပါးရေးအတွက် နည်းလမ်းပေါင်းစုံ အသုံးပြုဆောင်ရွက်ရန်အတွက် အသိပေးသကဲ့သို့ရှိပါကြောင်း၊ ဘေးအန္တရာယ် များမှ ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့သည် အပြန်အလှန် အမှီသဟဲ ပြုနေသည့်အတွက်  မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း  (၂၀၁၈-၂၀၃၀) အား ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး မူဘောင်(SDGs) ၊ ဆန်ဒိုင်းမူဘောင်၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပဲရစ်သဘောတူညီချက်များ နှင့် လိုက်လျောညီထွေစွာ နိုင်ငံ၏လိုအပ်ချက်များနှင့်အညီ ရေးဆွဲအကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မိမိတို့ဝန်ကြီးဌာနအပါအဝင် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်၍ တစ်နိုင်ငံလုံး၏သဘာဝဘေးဖြစ်ပွားမှုများနှင့် ဘေးလျော့ပါးရေးအတွက် လုပ်ဆောင် နိုင်မှုအခြေအနေ၊ စာရင်းဇယားများအား ကုလသမဂ္ဂဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးရုံး (United Nations Office for Disaster Risk Reduction-UNDRR) သို့ ၂၀၁၈ ခုနှစ်တွင် ကနဦး ပေးပို့နိုင်ခဲ့ပြီး ယခင်ကာလ များအတွင်း ဘေးအန္တရာယ်များကြောင့် ကဏ္ဍအသီးသီးတွင် ထိခိုက်ဆုံးရှုံးမှုများနှင့် ဘေးအန္တရာယ်လျော့ပါးရေး ကြိုးပမ်းဆောင်ရွက် မှုများကို စုစည်းမှတ်တမ်းတင်နိုင်ရန်အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆန်ဒိုင်းမူဘောင်ပါ Indicator များ ပြည့်မီစေရေးအတွက် နိုင်ငံတော်အဆင့်၊ ဒေသန္တရအဆင့်နှင့် ရပ်ရွာအဆင့် အသီးသီးက ဘေးလျော့ပါးရေးအစီအစဉ်များ ဦးဆောင်အကောင်အထည်နိုင်ရန် မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင် ခြေလျှော့ချရေး  လုပ်ငန်းစီမံချက်- MAPDRR(၂၀၁၇)နှင့် အညီ အကောင်အထည် ဖော်ဆောင်ရွက်မှုများအား အသိပေးလိုပါကြောင်း၊ သဘာဝဘေးလျော့ပါးရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများပါဝင်မှု မြှင့်တင်ရေးဆောင်ရွက်မှု၊ ကလေးသူငယ် ဗဟိုပြုဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး ဆောင်ရွက်နိုင်ရန် စီစဉ်ထားမှု၊ ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး၊ စာသင်ကျောင်းများ ဘေးကင်းလုံခြုံမှု၊ ငလျင်နှင့်မုန်တိုင်းအား ရင်ဆိုင်တုံ့ပြန်ရေးစီမံချက်များကို ဒေသအလိုက် ရေးဆွဲ ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသိပေးလိုပါကြောင်း၊ ဆွစ်ဇာလန်နိုင်ငံ အပါအဝင် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးရုံး (UNDRR) တို့က မြန်မာနိုင်ငံ သဘာဝဘေးလျော့ပါးရေးအတွက် ကူညီပေးမှု များအား အသိအမှတ်ပြု ကျေးဇူးတင်သကဲ့သို့ ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဟု ယုံကြည် မျှော်လင့်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

#hl2

Sign Up

Upcoming Events