နေပြည်တော်၊ ဧပြီ ၃၀
ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ (၂/၂၀၁၉)ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ပါသည်။
အစည်းအဝေးတွင် ဒုတိယဥက္ကဌ(၁)၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်မည့် ကဏ္ဍစုံလုပ်ငန်းစဉ်များတွင် နိုင်ငံတော်အစိုးရ၊ ပြည်သူများ၊ ပုဂ္ဂလိက၊ ပြည်တွင်း NGOနှင့် CSOများ၊ မိတ်ဖက်နိုင်ငံများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ INGOများပါဝင်ပူးပေါင်းပြီး ဆောင်ရွက်နိုင်ရန် UEHRD ကော်မတီကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့ကစတင်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဌ အဖြစ် ဦးဆောင်ဖွဲ့စည်းခဲ့ ပါကြောင်း၊ UEHRD ကော်မတီကို အဆင့်ဆင့်ပြင်ဆင်ဖွဲ့စည်းခဲ့ရာ(၂၉-၁၀-၂၀၁၈)ရက်နေ့တွင် အဖွဲ့ဝင်(၉)ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါကြောင်း၊ ကော်မတီကို ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပါဝင်ဆောင်ရွက်သော National Movementအဖြစ်ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊ပြည်ထောင်စုစိတ်ဓာတ်ဖြင့်နိုင်ငံသူ/နိုင်ငံသားများ၏စည်းလုံးညီညွတ်မှုအင်အားဖြင့်စတင်ခဲ့ခြင်းဖြစ်ကြောင်း၊UEHRDကော်မတီသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ထိထိရောက်ရောက်ပေးအပ်ရေး၊ ပြန်လည်နေရာချထားရေးနှင့်ပြန်လည်ထူထောင်ရေး၊ဒေသဖွံ့ဖြိုးရေး၊ ရေရှည်ပဋိပက္ခကင်းဝေးရေးစတဲ့ အဓိကလုပ်ငန်းကြီး(၄)ရပ်ကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်နိုင်ငံသဘောတူညီမှုအရ ပြန်လည်လက်ခံရေးလုပ်ငန်းများကို ၂၃-၁-၂၀၁၈ ရက်နေ့မှာ စတင်အချိန်မီဆောင်ရွက်နိုင်ရေးအတွက် UEHRD ကော်မတီ၏ တည်ဆောက်ရေးလုပ်ငန်းအဖွဲ့ကအခြေခံအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများကို National Movement အနေနဲ့ အလျင်အမြန်ဆောင်ရွက်ခဲ့ရပါကြောင်း၊ ယခုအစည်းအဝေးတွင် ဆောင်ရွက်ခဲ့ပြီးလုပ်ငန်းများနှင့်ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းနှင့် ဘဏ္ဍာရေးစည်းမျဉ်းများအရ လိုအပ်သောအတည်ပြုမှုများကို ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရေးနှင့်ပတ်သက်ပြီး ဝန်ကြီးဌာနကဆောင်ရွက်ပေးနေသကဲ့သို့ ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) အနေဖြင့်ပါဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ UEHRD၏စေတနာ့ဝန်ထမ်း လူငယ်အစီအစဉ်များဖြင့်လည်း လူသားချင်းစာနာမှုအကူအညီများပေးခဲ့ပါကြောင်း၊ UEHRD ကော်မတီ၏ လုပ်ငန်းများနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏လုပ်ငန်းများသည် ဆက်စပ်ဆောင်ရွက်ရသောလုပ်ငန်းများဖြစ်ပါကြောင်း၊ ASEAN-ERAT အဖွဲ့အပါအဝင် ရခိုင်ပြည်နယ်၏ အခြေအနေများကို ဆန်းစစ်လေ့လာသည့် အဖွဲ့အစည်းများ၏ ဖော်ထုတ်ချက်အရ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအကျဆုံးအချက်မှာ လူမှုစီးပွားဖွံ့ဖြိုးမှုနိမ့်ကျနေမှုကိုဖြေရှင်းဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ လူမှုသဟဇာတဖြစ်ရေးသည်လည်း ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေးအတွက် UEHRDကော်မတီ၏ လုပ်ငန်းအဖွဲ့ (၁၀)ဖွဲ့၏ ဆောင်ရွက်မှုများသည်အရေးပါပါကြောင်း၊ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အောင်အောင်မြင်မြင်ဆောင်ရွက်ပေးခဲ့ကြမှုအတွက်လည်း အသိအမှတ်ပြုပါကြောင်း၊ဆက်လက်၍အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက်အားလုံးအကြံပြုဆွေးနွေးကြပါရန် ပြောကြားပါသည်။
ထို့နောက် တက်ရောက်လာကြသည့် UEHRDကော်မတီဝင်များက ကဏ္ဍအလိုက်ဆွေးနွေးကြပြီး ဒုတိယဥက္ကဌ(၁)၊ပြည်ထောင်စုဝန်ကြီးကနိဂုံးချုပ်အမှာစကားပြောကြားပါသည်။
အစည်းအဝေးသို့ ကော်မတီဒုတိယဥက္ကဌများ၊ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများစုံညီစွာတက်ရောက်ကြကြောင်းသတင်းရရှိပါသည်။