ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးရွာငံမြို့နယ်၌မိုးသီးကြွေကျခြင်းဘေးဒဏ်သင့်ပြည်သူများကိုအားပေးထောက်ပံ့

ဧပြီ၂၆၊ရွာငံမြို့
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည်ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများလိုက်ပါလျက်ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ရွာငံမြို့နယ်အတွင်းမိုးသီးကြွေကျခြင်းကြောင့်ဘေးဒဏ်သင့်ပြည်သူများအားထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ယနေ့နံနက်ပိုင်းကရှမ်းပြည်နယ်၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ရွာငံမြို့သို့ရောက်ရှိပြီးမြို့ပေါ်(၃)ရပ်ကွက်နှင့်အင်းကုန်းငါးဆူကျေးရွာအုပ်စုအတွင်းမိုးသီးကြွေကျ၍နေအိမ်အမိုးများပျက်စီးဆုံးရှုံးမှုများကိုလိုက်လံကြည့်ရှုပြီးဒေသခံဘေးဒဏ်သင့်ပြည်သူများအားတွေ့ဆုံကာပျက်စီးဆုံးရှုံးမှုအခြေအနေများကိုပေးမြန်းပြီးအားပေးစကားပြောကြားခဲ့ပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ဗထူးခန်းမ၌ကျင်းပသောဘေးဒဏ်သင့်ပြည်သူများအတွက်ထောက်ပံ့မှုပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးကအားပေးအမှာစကားပြောကြားရာနိုင်ငံတော်အစိုးရအနေဖြင့်ပြည်သူများ၏ရသင့်ရထိုက်သောအခွင့်အရေးများကိုသာတူညီမျှခံစားရရှိအောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကလည်းပြည်သူများ၏ဘေးဒုက္ခများ၊လူမှုဒုက္ခများကိုအမြန်ဆုံးကူညီဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပြီးမူလအခြေအနေထက်ပိုမိုကောင်းမွန်စေရန်လိုအပ်သောပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊သဘာဝဘေးများနှင့်ပတ်သက်၍ကမ္ဘာ့ရာသီဥတုသည်ဖောက်ပြန်ပြောင်းလဲလာပြီးမြန်မာနိုင်ငံတွင်လည်းသဘာဝဘေးဒဏ်များကိုကြုံတွေ့ခံစားနေရပြီဖြစ်ရာဤဒေသ၌မိုးသီးကြွေကျခြင်းသည်ရာသီဥတုဖောက်ပြန်မှု၏အကျိုးသက်ရောက်မှုပင်ဖြစ်ပါကြောင်း၊ထို့အတွက်ဝန်ကြီးဌာန၏ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့်ပျက်စီးဆုံးရှုံးမှုများအတွက်အိမ်ဆောက်ပစ္စည်းဘိုးငွေများ၊ဆန်ရိက္ခာဘိုးငွေများအပြင်လူမှုကာကွယ်စောင့်ရှောက်ရေးအတွက်ထောက်ပံ့ငွေများပါယနေ့အခမ်းအနားတွင်ပေးအပ်သွားမှာဖြစ်ပါကြောင်း၊လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်ဖြစ်သည့်ကိုယ်ဝန်ဆောင်နှင့်၎င်းမှမွေးဖွားသောကလေးအသက်(၂)နှစ်အထိငွေကြေးထောက်ပံ့ခြင်းနှင့်ပညာပေးခြင်းအစီအစဉ်ကိုလာမည့် (၂၀၁၉ -၂၀၂၀) ဘဏ္ဍာနှစ်တွင်ရှမ်းပြည်နယ်၌ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ကလေးငယ်များအားရှေးဦးအရွယ်ကလေးသူငယ်စောင့်ရှောက်ရေးနည်းလမ်းဖြင့်မိခင်ဝိုင်းများ၊နေ့ကလေးထိန်းကျောင်းများ၊မူလတန်းကြိုကျောင်းများဖွင့်လှစ်၍ပြုစုလေ့ကျင့်ပေးလျက်ရှိကြောင်း၊လူငယ်များ၏ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက်လူငယ်မူဝါဒကိုဖြန့်ချိပြီးမဟာဗျုဟာနှင့်လုပ်ငန်းစဉ်များချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း၊သက်ကြီးဘိုးဘွားများအတွက်လူမှုရေးပင်စင်ထောက်ပံ့ပေးပါကြောင်း၊မသန်စွမ်းများအတွက်ကနဦးထောက်ပံ့မှုများပေးလျက်ရှိပြီးမသန်စွမ်းအဆင့်သတ်မှတ်ခြင်းများပြုလုပ်ပြီးပါက၎င်းတို့၏ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုကိုပိုမိုဆောင်ရွက်ပေးနိုင်မှာဖြစ်ပါကြောင်း၊ဝန်ကြီးဌာန၏မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့်စေတနာ့ဝန်ထမ်းလူမှုအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ဘေးအန္တရာယ်ဆိုင်ရာကိစ္စများ၊လူမှုရေးရာကိစ္စများတွင်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့်မိမိတို့ဝန်ကြီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များကိုသက်ဆိုင်ရာဆက်စပ်ဝန်ကြီးဌာများ၊ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊လွှတ်တော်ကိုယ်စားလှယ်များ၊လူမှုအဖွဲ့အစည်းများ၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်မှာသာအစိုးရ၏ရည်မှန်းချက်ဖြစ်သည့်တရားဥပဒေစိုးမိုးရေးနှင့်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူဖြစ်စေမှာဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီးရွာငံမြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌကမိုးသီးကြွေကျခြင်းကြောင့်ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ရှင်းလင်းတင်ပြခဲ့ပါသည်။ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကမိုးသီးကြွေကျသည့်ဘေးဒဏ်သင့်အိမ်ခြေ (၁၉၇၅)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၁၅၆၈.၁၉)သိန်းနှင့်ဆန်ရိက္ခာဖိုးငွေကျပ် (၂၀၇.၃၇၅) စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၇၇၆.၁၆၅)သိန်း၊ရွာငံမြို့ရှိ(၈)လနှင့်အထက်ကိုယ်ဝန်ဆောင်များ (၁၄၀)ဦးအတွက်ထောက်ပံ့ငွေကျပ် (၄၂)သိန်း၊မီဖွားပြီးစ (၄၅)ရက်အတွင်းမိခင် (၁၇၀)ဦးအတွက်ထောက်ပံ့ငွေကျပ် (၅၁)သိန်း၊ပင်းတယမြို့ရှိဓနုမြေဘိုးဘွားရိပ်သာအတွက်ထောက်ပံ့ငွေ (၁၄.၀၄)သိန်း၊ပင်းတယမူကြိုကျောင်း (၇)ကျောင်းအတွက်ထောက်ပံ့ငွေကျပ် (၄၉)သိန်းနှင့်ရွာငံမူကြိုကျောင်း (၂)ကျောင်းအတွက်ထောက်ပံ့ငွေကျပ် (၁၄)သိန်းတို့ကိုပေးအပ်ရာတာဝန်ရှိသူများကလက်ခံရယူခဲ့ကြပါသည်။ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ကထောက်ပံ့ငွေကျပ် (၁၀၀)သိန်း၊ဉာဏ်ကြီးရှင်ကော်ဖီလုပ်ငန်းကထောက်ပံ့ငွေကျပ်(၂၅)သိန်းနှင့်ရွှေသံလွင်ကုမ္ပဏီကအိမ်မိုးသွပ်အချပ် (၁၀,၀၀၀) တို့ကိုလည်းအသီးသီးထောက်ပံ့ခဲ့ကြပါသည်။
ထို့နောက်ရွာငံမြို့နယ်အတွင်းမိုးသီးကြွေကျမှုဘေးကြောင့်ထောက်ပံ့ပေးမှုများနှင့်လူမှုကာကွယ်စောင့်ရှောက်ရေးထောက်ပံ့မှုများအတွက်ဒေသခံရပ်မိရပ်ဖတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
ယနေ့ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ရွာငံမြို့၌လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကစုစုပေါင်းထောက်ပံ့ငွေကျပ်(၁၉၄၆.၂၀၅)သိန်းဖြစ်ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events