မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်(၃၄)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မ တီအစည်းအဝေးနှင့် အခြားဆက်စပ်အစည်းအဝေးများကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ Hilton Hotel ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင် စု ဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးတက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
အစည်းအဝေးကိုအာဆီယံသီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးကပြောကြားရာ တွင် အာဆီယံနိုင်ငံများအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တန်ဖိုးထားပါကြောင်း၊ အဆိုပါ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရင်းနှီးမှုတို့ဖြင့် မိမိတို့ အာဆီယံနိုင်ငံများမှာ နှစ်ပေါင်း(၄၀)ကျော်အတူတကွ တည်ရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ လတ်တလောတွင်ဖိလစ်ပိုင်နိုင်ငံ၌ ဖြစ်ပွား ခဲ့သည့် ငလျင်ဘေးကြောင့် အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ပျက်စီးမှုများအတွက်များစွာ စိတ်မကောင်း ဖြစ်ရပါကြောင်း၊ ဘေးသင့်ဒေသများနှင့် ဘေးသင့်ပြည်သူများ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရန် ဆုတောင်းပါကြောင်း၊ စာရင်းဇယားများအရမိမိတို့နေထိုင်သည့် အာဆီယံဒေသတွင် (၂၀၁၂) ခုနှစ်မှ (၂၀၁၉)ခုနှစ်အတွင်းဘေးအန္တရာယ် စုစုပေါင်း (၁,၆၀၄)ကြိမ်ခန့်ဖြစ်ပွားခဲ့ပါကြောင်း၊ အာဆီယံဒေသ သည် ဘေးအန္တရာယ်များစွာကျရောက်လွယ်သည့်ဒေသဖြစ်သော်လည်း နိုင်ငံတကာမှ ပညာရှင်များ၏ လေ့လာသုံးသပ်ချက်များအရဘေးအန္တရာယ်ဖြစ်ပွားမှုများသည့် အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ဘေးအန္တရာယ်များကိုတုံ့ပြန်ဆောင်ရွက်နိုင်စွမ်းများ မြင့်မားလာသည်ကိုတွေ့ရှိ ရပါကြောင်း၊ အာဆီယံအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများကို စနစ်တကျဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်ကိုအသိအမှတ်ပြုပါကြောင်း၊ မိမိတို့ဘက်မှ ကြိုးပမ်းဆောင်ရွက်မှုများသည် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ပိုမိုတိုးပွားဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်များ ကိုကျော်လွန်အောင်ဆောင်ရွက်နိုင်ရန် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်အဆင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကို ဒုတိယသမ္မတဦးဆောင်သည့် အစိုးရအဖွဲ့ဝင်ဝန်ကြီး များဖြင့်ဖွဲ့စည်းထားပါကြောင်း၊ အဆိုပါကော်မတီကလိုအပ်သည့် မူဝါဒများနှင့် ပေါင်းစပ်ညှိနှိုင်းမှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများကိုထိရောက်အောင်မြင် စွာဆောင်ရွက်နိုင်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေ (၂၀) ဘီလီယံကျပ်ကို နှစ်စဉ် ခွင့်ပြုပေးသည့်အပြင်သက်ဆိုင်ရာဝန်ကြီးဌာနများတွင်လည်း ဘေးအန္တရာယ်ဆိုင်ရာအရေးပေါ်ရန်ပုံငွေကို ခွင့်ပြုပေးထားပါကြောင်း၊ ၂၀၁၈ခုနှစ်အတွင်း မြန်မာနိုင်ငံရှိတိုင်းဒေသကြီး/ ပြည်နယ်(၄)ခုတွင် ရေလွှမ်း မိုးမှုဘေးအန္တရာယ်များကိုကြုံတွေ့ခဲ့ရပြီး ဘေးသင့်ဒေသများအမြန်ပြန်လည်ထူထောင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကိုဖွဲ့စည်းဆောင်ရွက်နိုင်မှုသည် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အောင်မြင် စေရန်များစွာအထောက်အပံ့ဖြစ်ခဲ့ပါကြောင်း၊ ရေဘေးသင့်ပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်ပေးနိုင်ခဲ့သည့် ကောင်းမွန် သောနမူနာ တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက် ရာတွင်နိုင်ငံအတွင်း၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ပါကြောင်း၊ အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးနှင့် အခြားဆက်စပ် အစည်းအဝေးများကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်တာဝန်ယူကျင်းပပြုလုပ်ရသည့်အတွက်လည်း များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ (၃)ရက် ကြာကျင်းပပြုလုပ်မည့် အစည်းအဝေးများမှ ဘေးဒဏ် ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် အာဆီယံလူမှုအသိုက်အဝန်းဖြစ်စေရေးအတွက် အရေးပါသည့် ဆုံးဖြတ်ချက်များ ကိုချမှတ်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်းပြောကြားပါသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးက အာဆီယံနိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များကိုလှိုက်လှဲနွေးထွေးစွာကြိုဆိုပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးသည် ယဉ်ကျေးမှုအမွေအနှစ်များစွာရှိပြီးသမိုင်းကြောင်းအစဉ်အလာမြင့်မားသည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊ သို့ဖြစ်ရာအဆိုပါ အမွေအနှစ်များအားဘေးအန္တရာယ်များမှ ကာကွယ် စောင့်ရှောက်နိုင်ရန်လည်းအရေးကြီးပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင်ဖြစ်ပွားမှုများသည့် ဘေး အန္တရာယ်များအတွက်လိုအပ်သည့် စီမံချက်များရေးဆွဲဆောင်ရွက်လျက်ရှိသည့်အပြင် မြေပြင်တွင်လည်း လက်တွေ့အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများအတွက် အစိုးရအဖွဲ့အစည်းများ သာမကအရပ်ဘက်လူမှုအဖွဲ့အစည်း များ၏ အင်အားကိုပါရယူဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားပါသည်။
ဆက်လက်၍ အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်း၏ ဒုတိယအတွင်းရေးမှူးချုပ် H.E. Mr. Kung Phoak က အမှာစကားပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကိုစုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး၍ ပိတ်သိမ်းပါသည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် AHA Centre တို့မှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါသည်။ ထို့နောက် UNESCAP ၏ နည်းပညာပူးပေါင်းဆောင်ရွက်မှုဖြင့်ပြုစုထားသည့် အာဆီယံနိုင်ငံများအတွင်းမိုးခေါင်ရေရှားမှု ဘေး အန္တရာယ်လေ့လာဆန်းစစ်ချက် အစီရင်ခံစာအားမိတ်ဆက်ဖြန့်ချိခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ (၃၄)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးနှင့် အခြားဆက်စပ်အစည်းအဝေးများကိုဧပြီလ(၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ (၃)ရက်ကြာကျင်းပပြု လုပ်မှာဖြစ်ပြီးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာလူသားချင်းစာနာကူညီမှုပေါင်းစပ်ညှိနှိုင်းရေးဌာန (AHA Centre)၊ အာဆီယံအပေါင်းသုံးနိုင်ငံများ၊ အာဆီယံလူမှုရေးနှင့်ယဉ်ကျေးမှု အသိုက်အဝန်းအောက်ရှိကဏ္ဍအလိုက် အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရှိရပါသည်။ #h11
#mdy_apr2019 Source: mswrr
မန္တလေး၊ ဧပြီ ၂၄