နေပြည်တော်၊ဧပြီ၂၃
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နွေရာသီကာလအတွင်း အယ်နီညိုရာသီဥတုဖြစ်စဉ် ဖြစ်ပေါ် နိုင်ကြောင်း မိုးလေဝသပညာရှင်များမှ ခန့်မှန်းခဲ့ပါသည်။ ၎င်းဖြစ်စဉ်၏ အကျိုးသက်ရောက်မှုသည် မြန်မာနိုင်ငံသို့လည်း ရောက်ရှိနိုင်သဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလမှစ၍ ရေရှည်စီမံချက်အဖြစ် မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရေတွင်းတူးဖော်ခြင်း၊ အုတ်ရေကန်/မြေသား ရေကန်များတည်ဆောက်ပေးခြင်း၊ပြုပြင်ပေးခြင်း၊ရေသွယ်ယူမှု၊ရေကန်ဘောင်အား မြေထိန်းနံရံ ရေတားတမံ တည်ဆောက်ပေးမှုများ ဆောင်ရွက်ပေးခြင်း၊ ရေစက်ရုံနှင့် ရေစင်များ တည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ရာ စုစုပေါင်းကျပ်သန်း (၆၇၂.၃၁၉)သုံးစွဲထောက်ပံ့ခဲ့ပြီးဖြစ်ပါသည်။
အလားတူပင်၂၀၁၉ခုနှစ်၊ နွေရာသီကာလအတွင်းအပူချိန်မြင့်မားမှုကြောင့် သောက်သုံးရေရှားပါးမှု ကြုံတွေ့ရနိုင်သည့်ဒေသများအား ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလမှစ၍ စာရင်းကောက်ယူခြင်း၊ အသိပညာ ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် ၂၀၁၉ခုနှစ်၊ မတ်လမှစ၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃)မြို့နယ်တွင် လူဦးရေ(၉၉၀၀)ခန့်အတွက် ရေဂါလံ(၉၁၂၀၀)၊ ရှမ်းပြည်နယ်အတွင်းရှိမြို့နယ်(၂)မြို့နယ်တွင် လူဦးရေ(၂၆၀)အတွက် ရေဂါလံ(၁၂၈၀၀)၊ ကယားပြည်နယ် အတွင်းရှိ မြို့နယ်(၄)မြို့နယ်တွင် လူဦးရေ(၈၂၀၀)ခန့်အတွက် ရေဂါလံ(၇၀၂၀၀)ကို လှူဒါန်းခဲ့ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင်လည်း သောက်သုံးရေအခက်အခဲကြုံတွေ့နေရသည့် ပုဗ္ဗသီရီမြို့နယ်အတွင်းရှိ ကျေးရွာများအတွက် သောက်သုံးရေလှူဒါန်းခြင်းကို ၂၀၁၉ခုနှစ်၊ ဧပြီလအတွင်း ဆောင်ရွက်ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဦးဆောင်၍ယနေ့မွန်းလွဲပိုင်းတွင် သောက်သုံးရေ အခက်အခဲကြုံတွေ့နေရသည့် ဇေယျာသီရိမြို့နယ်၊ စက်ကုန်းကျေးရွာရှိ လူဦးရေ(၄၀၂)ဦးအတွက် သောက်သုံးရေ(၃၀၀၀)ဂါလံ၊ ရေသန့်(၁)လီတာဘူး (၈၁၀)ဘူး၊ ရေသန့်ဆေးပြား(၃၀၀၀)ပြားလှူဒါန်းခဲ့ပြီး ပြည်သူလူထုနှင့်တွေ့ဆုံ၍လိုအပ်ချက်များဆွေးနွေးမေးမြန်းကာ ဖြည့်ဆည်းပေးနိုင်ရေးကို နေပြည်တော်ကောင်စီနှင့်အတူ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် သောက်သုံးရေ အခက်အခဲကြုံတွေ့နေရသည့် ဒေသများအား စုံစမ်းသတင်းရယူ၍ဆက်လက်လှူဒါန်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်သူလူထုအနေဖြင့် သောက်သုံးရေ လိုအပ်ချက်များနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါကြောင်းလည်း သိရှိရပါသည်။