
ဧပြီ ၂၁၊ ဟားခါး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မူလတန်းကြိုကျောင်း၊ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းများ၊ ပုဂ္ဂလိက မူကြိုကျောင်းများရှိ ဆရာ၊ ဆရာမများ၊ မိဘများ၊ မိသားစု ဝင်များနှင့် ယမန်နေ့မွန်းပွဲပိုင်းက မြို့တော်ခန်းမ၌တွေ့ဆုံပြီး ရှေးဦးအရွယ်ကလေး သူငယ်ပြုစုစောင့်ရှောက်ရေးဆိုင်ရာ အရေးကြီးပုံကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ်ကလေးသူငယ်များအားပြုစုစောင့်ရှောက်ရေးကဏ္ဍတွင် မိခင်များသာမက ဖခင်များ၊ မိသားစု ဝင်များသည် အရေးကြီးပါကြောင်း၊ ရှေးဦးအရွယ်ကလေးများ၏ ကိုယ်ခန္ဓာပုံမှန်ကြီးထွားမှုနှင့် ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုများ အသက်အရွယ် အဆင့်ဆင့်အလိုက် ပြောင်းလဲပုံကို မိဘများ၊ မိသားစုဝင်များက သိရှိပြီး ပုံမှန် ဖွံ့ဖြိုးမှု ရှိ / မရှိ ဆန်းစစ်ရမှာဖြစ်ကြောင်း၊ ပုံမှန်ဖွံ့ဖြိုးမှု မရှိပါက ကျွမ်းကျင်သည့် သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုဝန်ထမ်းတာဝန်ရှိသူများနှင့် စောလျင်စွာတိုင်ပင်ရန်လိုအပ်ပါကြောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနကလည်း ရှေးဦးအရွယ်ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်မှုတိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေး (Early Childhood Intervention – ECI) အစီအစဉ်ကို ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တွင် ရှေ့ပြေးစမ်းသပ်ဆောင်ရွက်နေပြီဖြစ်ပြီး ဆက်လက်တိုးချဲ့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ ဤကဲ့သို့ဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးမှုနောက်ကျသော ကလေးများကို စောစီးစွာရှာဖွေတွေ့ရှိပြီး အချိန်မီပြုပြင် ပြုစုစောင့်ရှောက်ခြင်းဖြင့် မသန်စွမ်းမှုများကိုလျော့ချနိုင်မှာဖြစ်ပါကြောင်း၊ ကလေးငယ်များကို နည်းစနစ်အမှန်ဖြင့် ပြုစုစောင့်ရှောက်ပေးရန် နေ့ကလေးထိန်းကျောင်းများ၊ မိခင်ဝိုင်းများဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ အဆိုပါ ကျောင်းများ၌ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့် ရှောက်ရေး ဆရာဖြစ်သင်တန်း တက်ရောက်ပြီး သူများကိုသာ ကြီးကြပ်စေပါကြောင်း၊ ဆရာဖြစ်သင်တန်းများလည်း တိုးချဲ့ဖွင့်လှစ်ရန် စီစဉ် လျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မိခင်ဝိုင်းများကို တိုးချဲ့ဖွင့်လှစ်လျက်ရှိသော်လည်း ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ တစ်နိုင်ငံလုံး ပြန့်ပြန့် နှံ့နှံ့ဖွင့်လှစ်နိုင်ရန် အခက်အခဲရှိသည့်အတွက် မိဘများ၊ အုပ်ထိန်းသူများကိုယ်တိုင်က ရှေးဦးအရွယ်ကလေး သူငယ်ပြုစုစောင့်ရှောက်ရေး နည်းလမ်းများကို သိရှိနားလည်ပြီး မိမိတို့ကိုယ်တိုင် ဆောင်ရွက်၍ ရပါကြောင်း၊ ကလေးသူငယ်များအား ပြုစုစောင့်ရှောက်နည်းစနစ်မမှန်ပါက ဖွံ့ဖြိုးမှု နှောင့်နှေးသွားနိုင်ပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်များ၏ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ အပြန်အလှန်ဆက်သွယ်ခြင်းနှင့် ဘာသာ စကားဖွံ့ဖြိုးမှု၊ လက်နှင့် လက်ချောင်းများဖွံ့ဖြိုးမှုအတွက် စနစ်တကျလေ့ကျင့်ပေးခြင်း၊ ကလေးသူငယ်အချင်းချင်း ထိတွေ့ပေးခြင်းဖြင့် အထောက် အကူများစွာပြုနိုင်ကြောင်းနှင့် ထိုအသိပညာများကို အစိုးရက မိဘများ၊ အုပ်ထိန်းသူများသိရှိအောင် ဖြန့်ဝေပညာပေးခြင်းများ ဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည် ။
ထို့နောက် တက်ရောက်လာကြသော မူလတန်းကြိုကျောင်း၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများ၊ ပုဂ္ဂလိက မူကြိုကျောင်းများရှိ ဆရာ၊ ဆရာမများ၊ မိဘအုပ်ထိန်းသူများက မိမိတို့ဆောင်ရွက်လျက်ရှိသော ကလေးသူငယ်ပြုစုရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်ချက်နှင့် သိရှိလို သည်များကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေရှင်းဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ချင်းပြည်နယ်လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းအသီးသီးမှ လူငယ် များနှင့် လူငယ်ရေးရာကိစ္စများကို တွေ့ဆုံဆွေးနွေးရာ မိမိတို့ဝန်ကြီးဌာနကဦးဆောင်၍ လူငယ်များကိုယ်တိုင်ရေးဆွဲထားသော လူငယ်ရေးရာ မူဝါဒသည် အဓိက ကဏ္ဍ(၁၆)ရပ်ပါဝင်ပြီး လူငယ်များ၏ ရသင့်သည့်အခွင့်အရေးများ၊ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ ထည့်သွင်းရေးဆွဲ ထားပါကြောင်း၊ မဟာဗျူဟာတစ်ရပ်လည်း ပေါ်ပေါက်ပြီးဖြစ်၍ မိမိတို့၏ တိုင်းဒေသကြီး / ပြည်နယ်များအလိုက် ဦးစားပေးကဏ္ဍများကို အကောင်အထည်ဖော်ရန် လုပ်ငန်းစဉ်များချမှတ်ရေးကိုလည်း ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးရှိ လူငယ်များအားလုံး ပါဝင်နိုင်အောင် အသိပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ သို့မှသာ မူဝါဒ၏ အားသာချက်၊ အားနည်းချက်များကို သိရှိနားလည်ပြီး ပြင်ဆင်ဖြည့်စွက်လိုသည်များရှိလာပါက နည်းလမ်းတကျ ပြင်ဆင်ဖြည့်စွက်နိုင်မှာဖြစ်ပါကြောင်း၊ ချင်းပြည်နယ်အတွင်းရှိ လူငယ် များအနေဖြင့်လည်း ညီညီညွတ်ညွတ်ပူးပေါင်း၍ လူငယ်များကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်ကြရန် နှင့် မိမိတို့၏ အနာဂတ် လူငယ်များအတွက် ကောင်းမွန်သော အမွေများကို လက်ဆင့်ကမ်းပေးနိုင်အောင် ကြိုးပမ်းကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာကြသော လူငယ်များက ချင်းပြည်နယ်အတွင်းရှိ လူငယ်များနှင့် အရက်၊ မူးယစ်ဆေးကိစ္စများ၊ လူငယ်များ နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးရေး၊ လူငယ်စင်တာတည်ဆောက်ရန်အတွက် မြေနေရာရရှိရေးကိစ္စ၊ လူငယ်များ တွေ့ဆုံ ဆွေးနွေမှုများပြုလုပ်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ယာယီရုံးခန်း ရရှိရေးကိစ္စများကို အသီးသီးဆွေးနွေခဲ့ကြပါသည်။ ထို့နောက် ဒုတိယဝန် ကြီးဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ဆွေးနွေးမှုများကို ပြန်လည်သုံးသပ် ညှိနှိုင်းခဲ့ကြပါသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် ချင်းပြည်နယ်လူမှုရေးဝန်ကြီးတို့သည် ဟားခါးမြို့တွင် အမျိုးသားသဘာဝ အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော ဘက်စုံသုံးဘေးဒဏ်ခံ အဆောက်အဦ (Multipurpose Cyclone Shelter) ဆောက်လုပ်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုရာ ဘက်စုံသုံးဘေးဒဏ်ခံအဆောက်အဦ ကြီးကြပ်ရေးကော်မတီဝင်များက ရှင်းလင်းပြောကြားပြီး ဒုတိယ ဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1_otr
#chn_apr2019
Source: MSWRR