၁။ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ အရှေ့ဘက်နှင့် အနောက်ဘက်တို့မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ နေ့အပူချိန်များ မြင့်တက်၍ လေထုမငြိမ်မသက်မှုများကြောင့်လည်းကောင်း ၂၀၁၆ ခုနှစ်၊ ဧပြီလ(၂၉)ရက်နေ့မှ မေလ(၅)ရက်နေ့အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အများစုတွင် နေရာကွက်ကြားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း၊ မိုးရွာသွန်းစဉ် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် မိုးလေ၀သဖြစ်စဉ်များဖြစ်ပေါ်နိုင်ကြောင်း သိရှိရပါသည်။
၂။ (၂၉-၄-၂၀၁၆)နေ့တွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၏ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနနှင့် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းလေ့လာဆန်းစစ်မှုများအရ မြန်မာနိုင်ငံအထက်ပိုင်းဒေသများ (အထူးသဖြင့်ကချင်ပြည်နယ်) တွင် အထက်ဖော်ပြပါဖြစ်စဉ်များကို အထူးသတိပြုရန်လိုအပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။
၃။ သို့ဖြစ်ပါ၍ ပြည်သူလူထုများအနေဖြင့် ယခု ဖြစ်ပေါ်လျက်ရှိသော ထူးခြားရာသီဥတုဖြစ်စဉ်များနှင့်ဆက်စပ်၍ ဖြစ်ပေါ်လာနိုင်သော လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေကျခြင်း၊ မိုးကြိုးပစ်ခြင်းများနှင့်ပတ်သက်၍ အောက်ပါအချက်များကို အထူးသတိပြု လိုက်နာနေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
- မိုးသည်းထန်စွာရွာသွန်းခြင်းများမှတဆင့် မြစ်ရေချောင်းရေများ ရုတ်တရက်တိုးလာခြင်းများ ဖြစ်ပေါ်လာနိုင်ပါသဖြင့် မြစ်ချောင်းများအနီးတွင် နေထိုင်ခြင်းမှ ခေတ္တရှောင်ရှားပါ။
- အလားတူပင် ရုတ်တရက်မိုးသည်းထန်ခြင်းကြောင့် တောင်ပေါ်ဒေသများ၌ မြေပြိုခြင်းများ၊ လမ်းပိတ်ဆို့မှုများ၊ လမ်းချော်မှုများဖြစ်ပွားနိုင်သဖြင့် တောင်တက်သမားများ၊ တောင်ပေါ်နေဒေသခံပြည်သူများ၊ ခရီးသွားများအနေဖြင့် အထူးသတိပြု သွားလာနေထိုင်ပါ။
- လေပြင်းတိုက်ခတ်ခြင်းများကြောင့် သစ်ပင်၊ သစ်ကိုင်းများကျိုးကျနိုင်ခြင်း၊ မိုးကြိုးပစ်မှတ် ဖြစ်နိုင်ခြင်းများကြောင့် သစ်ပင်ကြီးများအောက်တွင် ခိုလှုံခြင်းမှ ရှောင်ရှားပါ။
- လယ်ကွင်း၊ ကွင်းပြင်ထဲနေထိုင်ခြင်းမှ အတတ်နိုင်ဆုံးရှောင်ရှားပါ။ တတ်နိုင်သမျှ အိမ်ထဲတွင် နေထိုင်ပါ။
- မဖြစ်မနေ အိမ်ပြင်သို့ ထွက်ရမည်ဆိုပါက ဆိုင်ကယ်စီးဦးထုပ်ကဲ့သို့ ဦးထုပ်အမာများ ဆောင်းပါ။ အ၀တ်ထူများ၀တ်ဆင်သွားပါ။ မိမိကိုယ်ကို အကာအကွယ်များပြုလုပ်သွားပါ။ အိမ်ထဲတွင် နေထိုင်စဉ်လည်း ခိုင်ခံသည့် အမိုးအကာအောက်တွင် တတ်နိုင်သမျှနေထိုင်ပါ။ နှစ်ထပ်အိမ်များဖြစ်ပါက အိမ်အောက်ထပ်တွင်နေပါ။
- အိမ်အမိုးများကို ခိုင်ခံအောင်ပြန်လည်ပြင်ဆင်ပါ။
- အိမ်မွေးတိရစ္ဆာန်နှင့်ကျွဲနွားများအတွက်ခိုလှုံစရာစီစဥ်ပါ။
- မိုးရွာသွန်းနေစဉ်၊ မိုးခြိမ်းနေစဉ်၊ လျှပ်စီးလက်နေချိန်များတွင် ဖုန်းများကို အသုံးမပြုသင့်ပါ။
- တီဗွီ၊ ရေဒီယို၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်မီးပူနှင့် ကွန်ပျူတာ စသည့် လျှပ်စစ်နှင့်ဆိုင်သော ပစ္စည်းများကိုလည်း ခလုတ်ပိတ်၍ ပလပ်ဖြုတ်ထားသင့်ပါသည်။
- သစ်ပင်၊ ဓါတ်တိုင်နှင့် သံ/သတ္ထုပစ္စည်းများအနီးတွင် မနေသင့်ပါ။ လျှပ်စစ်စီးကူးလွယ်သည့်ပစ္စည်းများနှင့် ဝေးရာတွင် နေထိုင်ပါ။
- ကွင်းပြင်တွင်ထီးထီးကြီးမနေပါနှင့်။ မလွဲသာမရှောင်သာဘဲ ကွင်းပြင်နှင့် လွင်တီးခေါင် အလယ်တွင်ရောက်နေပါက လျှပ်စီးလက်၍ မိုးထစ်ချုန်းသံများကြားလျှင် ရပ်မနေဘဲ နီးစပ်ရာနိမ့်သောနေရာများနှင့် ချိုင့်ဝှမ်းများအတွင်း၌၀ပ်နေပါ၊ ကွင်းပြင်နှင့် လယ်ကွင်းများတွင် ဆောင့်ကြောင့်ထိုင်၊ ဒူးနှစ်ဖက်ပေါ်လက်တင်၍ ခေါင်းငုံထားပါ။
- သင့်ဆံပင်များထောင်နေသည်ဟု စတင်ခံစားရပါက မိုးကြိုးပစ်တော့မည့် လက္ခဏာဖြစ်သည်။ ထိုသို့ဖြစ်ပွားပါက ဒူးထောက်ချလိုက်ပြီး သင့်လက်နှစ်ဖက်ကို ဒူးပေါ်သို့ ယှက်တင်၍ ခန္ဓာကိုယ်ကို ကွေးညွှတ်ထားပါ၊ မြေပြင်ပေါ်တွင် ပြားပြားဝပ်မှောက်မနေပါနှင့်။ ထိုသို့ မှောက်နေပါက သင့်ခန္ဓာကိုယ်သည် ပိုကြီးမားသောမိုးကြိုးပစ်မှတ်ဖြစ်သွားနိုင်ပါသည်။
၄။ ပြည်သူလူထုများအနေဖြင့် ထူးခြားရာသီဥတုဖြစ်စဉ်အခြေအနေများ၊ ဘေးအန္တရာယ်ဖြစ်ပေါ်နိုင်မှုအခြေအနေ သတင်းထုတ်ပြန်ချက်များကို စဉ်ဆက်မပြတ် လေ့လာသတင်းရယူ၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ကြပါရန် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ အထူးမေတ္တာရပ်ခံ အသိပေးနှိုးဆော်အပ်ပါသည်။ (လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန)