ဧပြီ ၉၊ နေပြည်တော်
IDP စခန်းများပိတ်သိမ်းနိုင်ရေး အမျိုးသားအဆင့် မဟာဗျူဟာ(မူကြမ်း)နှင့် စပ်လျဉ်း၍ တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ Horizon Lake View Resort ဟိုတယ်၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက် အဖွင့်အမှာစကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးက ယခုကျင်းပ သည့်အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ နေရာဒေသများဖြစ်သည့် ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ အကြောင်း အမျိုးမျိုးကြောင့် ဖွင့်လှစ်ထားသည့် IDP စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ရေးဆွဲထားရှိပြီးဖြစ် တဲ့ အမျိုးသားအဆင့် မဟာဗျူဟာ(မူကြမ်း)ကို ပိုမိုကောင်းမွန်ပြည့်စုံပြီး မြန်မာနိုင်ငံ၏ အခြေအနေ၊ လက်တွေ့ဖြစ်နိုင်မှု အခြေအနေ တို့နှင့်ကိုက်ညီမှုရှိသော မဟာဗျူဟာရေး ဆွဲနိုင်ရေးအတွက် ဆွေးနွေးနိုင်ရန် ကျင်းပရခြင်းဖြစ်ကြောင်း၊ အစိုးရသစ်အနေဖြင့် နိုင်ငံ တော် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့ကို အထူးအလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံမှာ ငြိမ်းချမ်းမှုမရှိပါက ဖွံ့ဖြိုး တိုးတက်မှုမရှိနိုင်ပါကြောင်း၊ နယ်မြေငြိမ်းချမ်းမှုမရှိသော နေရာဒေသများမှ ပြည်သူများအနေဖြင့် စိတ်ချယုံကြည်ရပြီး ငြိမ်းချမ်းမှုရရှိနိုင်သည့် နေရာများသို့ ပြောင်းရွှေ့နေထိုင်ကြကြောင်း၊ ၎င်းတို့အား အစိုးရအနေဖြင့် ကူညီထောက်ပံ့ပေးမှုများ ဆောင်ရွက်ပေးနေပါကြောင်း၊ IDP စခန်းများတွင် အချိန်ကာလ ကြာမြင့်စွာနေ ထိုင်နေရသူများအနေဖြင့် မှီခိုမှုကင်းစွာဖြင့် မိမိတို့ကိုယ်တိုင် ပြန်လည်ရပ်တည် နေထိုင်နိုင်ဖို့ အင်မတန်မှ အရေးကြီးကြောင်း၊ IDP စခန်းများတွင် နေထိုင်စဉ်ကာလများ၌ လည်း လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရေးနှင့် အခြေခံ ဝန်ဆောင်မှုများ ရရှိစေရေး ကိစ္စရပ်များကို လည်း အထူးအလေးထား ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ပြန်လည်နေရာချထားရေး ဆောင်ရွက် ရာတွင် လုံခြုံရေးနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အရေးများ ရရှိရေးအတွက် အစီအမံများ ပါဝင်ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် IDP စခန်းအချို့အားပိတ်သိမ်း၍ ပြန်လည်နေရာချထားပေးခဲ့မှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် လည်း ၎င်းတို့၏ သဘောဆန္ဒအရ ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ မူဝါဒဖြစ်သော အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်သော လူ့ဂုဏ်သိက္ခာ အပြည့်အဝရရှိနိုင်မည့် လူမှုအသိုက်အဝန်း တစ်ရပ်ပေါ်ပေါက်လာစေရန် အထောက် အကူဖြစ်စေရေးနှင့် အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ပြည်သူလူထု လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရေးဆိုသည့်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ မဟာဗျူဟာ မူကြမ်းကို ဝိုင်းဝန်းဆွေးနွေးအကြံပြုပြီး အကောင်းဆုံး ဆောင်ရွက်အကောင် အထည်ဖော်ပေးခြင်းဖြင့် ကျန်ရှိသောစခန်း များရှိ ဒုက္ခသည်များ ပိုမိုစိတ်ချယုံကြည်မှု ရရှိလာမည်ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် သာတူညီမျှခံစားရရှိရေးကို ဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံးရှိ IDP စခန်း များအတွက် အခြေခံ သဘောတရားတူညီသော မဟာဗျူဟာ တစ်ရပ်ချမှတ်ခြင်းဖြစ်ကြောင်း၊ မြေပြင်တွင် ဒေသအလိုက်ကွဲပြားမှုများကို လိုက်လျောညီထွေ ဆောင်ရွက်ရမည်ကိုလည်း ထည့်သွင်း စဉ်းစားရေးဆွဲရန် လိုအပ်ကြောင်း၊ IDP စခန်းများပိတ်သိမ်းရေး မဟာဗျူဟာမူကြမ်းရေးဆွဲရာတွင် ပူးပေါင်းပါဝင်ပေးသူများ၊ သက်ဆိုင်ရာပြည်နယ်အသီးသီးမှတာဝန်ရှိသူများနှင့် ပြည်တွင်း/ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများကိုလည်း အထူး ကျေးဇူးတင်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်ပြီး UN Resident and Humanitarian Coordinator, Mr. Knut Ostby က ကြိုဆိုနှုတ်ဆက် စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးသည် တက်ရောက် လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြပါသည်။ အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဖိတ်ကြားထားသော ဝန်ကြီးဌာနများမှ ကိုယ်စားလှယ် များ၊ ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။
ထို့နောက် IDP စခန်းများပိတ်သိမ်းနိုင်ရေး အမျိုးသားအဆင့် မဟာဗျူဟာ(မူကြမ်း)နှင့် စပ်လျဉ်း၍ တက်ရောက်လာကြသော ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ မေးခွန်းမေးမြန်းခြင်းတို့ကို ပြုလုပ်ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်း ဖြေကြားကြောင်း သိရှိရပါသည်။
#hl1_otr
#npw_apr2019
Source: MSWRR