၁။ ၂၀၁၉ ခုနှစ်၊ ဧပြီလ(၆)ရက်နေ့နှင့် (၇)ရက်နေ့တို့၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများဖြစ်ပွားခဲ့ရာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် နေအိမ်(၇၂)လုံး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်နှင့် ကသာမြို့နယ်တို့တွင် နေအိမ် (၁၃၇)လုံး၊ ဘာသာရေး အဆောက်အဦ(၂)လုံး၊ စုစုပေါင်းနေအိမ်(၂၀၉)လုံး၊ ဘာသာရေးအဆောက်အဦ(၂)လုံး အမိုးအကာများ ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။
၂။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ထိခိုက်ပျက်စီးမှုများကြောင့် ဘေးသင့် ပြည်သူ များအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်း ဖိုးများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တိုင်းဒေသကြီးနှင့် ခရိုင်ဉီးစီးမှူးရုံးများ မှ တာဝန်ရှိသူများက ဘေးသင့်နေရာများသို့ အမြန်ဆုံးသွားရောက် ထောက်ပံ့ ပေးလျက်ရှိရာ ငွေသားနှင့်ပစ္စည်းစုစုပေါင်း ကျပ် (၉၃)သိန်းကျော် ထောက်ပံ့ပေးခဲ့ပြီး ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိပါသည်။
၃။ ပြည်သူလူထုအနေဖြင့် ယခုကဲ့သို့ နွေရာသီကာလမတ်လနှင့်ဧပြီလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ လေပြင်းများတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းတို့ဖြစ်ပွားတတ်သဖြင့် အထူးသတိပြု နေထိုင်ကြပါရန်နှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ပါကြောင်းလည်း သိရှိရပါသည်။
#ha_sgw
#mgw_apr2019
#sgg_apr2019
Source: DDM