စနစ်ကျသော ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ခြင်းကို အကောင်အထည်ဖော်ခြင်းသည် အနာဂတ်အတွက် စွမ်းရည်ပြည်ဝသော လူသားအရင်းအမြစ်များပေါ်ထွက်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆွေးနွေးပြောကြားမှုသတင်း

ပေါင်မြို့၊ ၇ ဧပြီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မော်လမြိုင် မြို့နယ်တွင်းရှိ မူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများမှ မိဘများနှင့်တွေ့ဆုံ၍ ရှေးဦးအရွယ်ကလေး သူငယ်ပြုစုစောင့်ရှောက်ရေးဆိုင်ရာအရေးကြီးပုံကို ဆွေးနွေးပြောကြားခြင်းနှင့် ရှေးဦးအရွယ် ကလေး သူငယ် တိုင်းထွာစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။
မွန်ပြည်နယ်သို့ ရောက်ရှိနေသာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်ပြုစုရေးဌာနသို့ရောက်ရှိ၍ ဌာနက စောင့်ရှောက်ထားသော ကလေးငယ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ကလေးငယ်များအား အာဟာရမုန့်များနှင့် ကစားစရာအရုပ်များကိုပေးဝေခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အထူးစောင့်ရှောက်ရန်လိုအပ်သော အမျိုးသမီးများအတွက်လုံခြုံစိတ်ချရသော ခေတ္တနားခိုရာ နေရာသို့သွားရောက်၍ အစောင့်အရှောက်ခံအမျိုးသမီးများအားတွေ့ဆုံအားပေးစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပသောမော်လမြိုင်မြို့နယ် အတွင်းရှိ မူလတန်း ကြိုကျောင်းများနှင့် မိခင်ဝိုင်းများမှ မိဘများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ပြီးအမှာ စကားပြောကြားရာ တွင်အစိုးရက ပြည်သူများအတွက် ရေရှည်တွင် အကျိုးရှိမည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးကဏ္ဍတွင် မိဘများ၊ မိသားစုဝင်များနှင့် အုပ်ထိန်းသူများသည်အရေးကြီးပါကြောင်း၊ မွေးစမှ အသက်(၈)နှစ်အရွယ်ကို ရှေးဦးအရွယ်ကာလဟု သတ်မှတ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များကိုခန္ဓာကိုယ်ပုံမှန်ကြီးထွား၍ ဦးနှောက်ဖွံ့ဖြိုး တိုးတက်အောင် ပြုစုခြင်းသည် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်ခွင့်ကိုဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ စွန့်ပစ် ခံရသော ကလေးငယ်များသည် အစောင့်ရှောက်ခံပိုင်ခွင့် ဆုံးရှုံးတာဖြစ်ပါကြောင်း၊ ထိုကဲ့သို့ အခြေ အနေမျိုးတွင် မိရင်းဖရင်းသဖွယ် စောင့်ရှောက်မှုကိုစီမံပေးရန် လိုပါကြောင်း၊ ကလေးငယ်များ၏ အသက် အရွယ်အလိုက် ပါဝင်ခွင့်လည်းရှိရမှာ ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များ၏ မွေးမှစရက်ပေါင်း (၁၀၀၀) ကာလတွင် ဦးနှောက်ဖွံ့ဖြိုးမှု အကောင်းဆုံးကာလဖြစ်ပါကြောင်း၊ ဤကာလ၌ မိဘများ၊ မိသားစုများကရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးအသိများဖြင့် ပြုစုစောင့်ရှောက်ရန် အရေးကြီးပါကြောင်း၊ ထိုအသိများရရှိအောင် အစိုးရက အသိပေးဖြန့်ဝေမှုများ၊ ပံ့ပိုးကူညီမှုများ ပြုလုပ် သွားမှာဖြစ်ပါကြောင်း၊ နည်းစနစ်မှန်ကန်သော ပြုစုစောင့်ရှောက်မှုများဖြင့် မိခင်ဝိုင်းများ၊ အစိုးရမူကြိုများ၊ ကိုယ့်အားကိုယ်ကိုးမူကြိုများတိုးချဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ စနစ်ကျသော ရှေးဦးအရွယ် ကလေးသူငယ်စောင့်ရှောက်ရေးဆရာဖြစ် သင်တန်းများကိုလည်း တိုးချဲ့ဖွင့်လှစ်လျက်ရှိပါကြောင်း၊ ရှေးဦး အရွယ်ကလေးများ၏ အသက်အရွယ် အဆင့်ဆင့်အလိုက် ပြောင်းလဲမှုများကိုမိခင်များ၊ မိသားစုဝင်များ ကိုယ်တိုင်က သိရှိပြီးပုံမှန်ဖွံ့ဖြိုးတိုးတက်မှု ရှိ/ မရှိဆန်းစစ်ခြင်းကိုကြိုတင် ဆောင်ရွက်နိုင်ပါက မသန်စွမ်း မှုများကိုလျှော့ချနိုင်ပြီး အနာဂတ်နိုင်ငံအတွက် အရည်အချင်းပြည်ဝသော လူစွမ်းအားအရင်းအမြစ် ကောင်းများရရှိလာမှာဖြစ်ပါကြောင်း၊ ကလေးများ၏မိဘများနှင့် မိသားစုဝင်များကသိရှိဆောင်ရွက်ကြရန် အရေးကြီးပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသောမူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများမှ မိဘများက မူကြိုကျောင်းများတိုးချဲ့ဖွင့်လှစ်နိုင်ရေး၊ ကျောင်းသားဦးရေတိုးချဲ့လက်ခံပေးရေး၊ မူကြိုဆရာမဦးရေ တိုးမြှင့်ခန့်ထားရေး၊ မိခင်ဝိုင်းနှင့် မူလတန်းကြိုကျောင်းများဆက်စပ်နေမှု၊ ပြည်သူလူထုက ပူပေါင်း ဆောင်ရွက်မှုတို့နှင့်ပတ်သက်၍ တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွန်ကြားရေးမှူးချုပ်တို့က ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်မြို့နယ် အလှပ်ကျေးရွာသို့ ရောက်ရှိပြီး မိဘပြည်သူများအား ရှေးဦးအရွယ်ကလေးသူငယ်များဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး ( Early Childhood Intervention) နှင့် ပတ်သက်၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေမှုတွင် ပြည်သူများနှင့်တွေ့ဆုံကာ Early Childhood Intervention ၏ အရေးကြီးမှု အားရှင်းလင်းပြောကြားခဲ့ပြီးတက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့် လူမှုဝန်ထမ်းဦးစီးဌာနညွန်ကြားရေးချုပ်တို့က ပြန်လည်ညှိနှိုင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကျေးရွာတွင် ဖွင့်လှစ်ထားသောရှေးဦး အရွယ်ကလေးသူငယ်များဖွံ့ဖြိုးရေး အခြေအနေတိုင်းတာ စစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး (ECI)စင်တာမှ အိမ်တိုင်ရာရောက်ဝန်ဆောင်မှုပေးနေသူများ၏ (၅)နှစ်အောက် ကလေးများဖွံ့ဖြိုးမှု ဆန်းစစ်ခြင်းလက်တွေ့ဆောင်ရွက်နေမှုများကိုသွားရောက် လေ့လာ ကြည့်ရှုခဲ့ကြပါသည်။
ECI စင်တာတွင် ရှေးဦးအရွယ်ကလေးသူငယ်များ၏ ကိုယ်ကာယနှင့် ဦးနှောက်ဖွံ့ဖြိုးတိုးတက်ရန် ကဏ္ဍအလိုက်စိစစ်လေ့ကျင့်ပေးလျက်ရှိရာ၌ အခက်အခဲဖြေရှင်းနိုင်ခြင်းဆိုင်ရာဖွံ့ဖြိုးမှု၊ စိတ်ခံစားမှု ဆိုင်ရာဖွံ့ဖြိုးမှု၊ အပြန်အလှန်ဆက်သွယ်ခြင်းနှင့် ဘာသာစကားဖွံ့ဖြိုးမှု၊ လက်နှင့်လက်ချောင်းများ ဖွံ့ဖြိုးမှု များအတွက် အထောက်အကူပြုပစ္စည်းများအသုံးပြု၍ လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။ ဤဝန် ဆောင်မှုကို ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မွန်ပြည်နယ်တို့တွင် ရှေ့ပြေး ဆောင်ရွက် လျက်ရှိပြီး ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သထုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

#hl1
#mon_apr2019

Sign Up

Upcoming Events