မော်လမြိုင်၊ ၇ဧပြီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ ညနေပိုင်းက မော်လမြိုင်မြို့၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ကျင်းပသော မွန်ပြည်နယ်အတွင်းရှိ လူငယ် ရေးရာကော်မတီဝင်များ၊ အဖွဲ့အစည်းနှင့် ပါတီအသီးသီးရှိ လူငယ်မျာနှင့်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက မွန်ပြည်နယ်အတွင်း၌ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လာရောက်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများသည် လူသားတစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက် ပေးပါကြောင်း၊ ရှေးဦးအရွယ်ကလေးငယ်များမှစ၍ သက်ကြီးရွယ်အိုအထိမူဝါဒများ၊ ဥပဒေများကို နိုင်ငံတော်အစိုးရက ဖော်ဆောင်ပေးရပါကြောင်း၊ ထို့ကြောင့် လူငယ်များ၏ကဏ္ဍကိုဆောင်ရွက်ရာ၌ ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူငယ်ရေးရာမူဝါဒမရှိသေးသည့် နိုင်ငံပေါင်း(၃၀)ကျော်တွင် မြန်မာနိုင်ငံ ပါဝင်ခဲ့ ပါကြောင်း၊ ယခုအခါ လူငယ်များကရွေးချယ်ထားသောကိုယ်စားပြုလူငယ်များသည် နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိလူငယ်များ၏အသံများ၊ ဆန်းသစ်သော အတွေး အခေါ်များနှင့် လူကြီးများ၏အမှားများကို သင်ခန်းစာယူ၍ လူငယ်များ၏ခံစားချက်များ၊ လိုအပ်ချက်များကို ပြည့်စုံစွာထည့်သွင်းထားသည့် လူငယ်ရေးရာမူဝါဒတစ်ခု ပေါ်ပေါက်လာပါကြောင်း၊ ကဏ္ဍ (၁၆)ရပ် ပါဝင်ပါကြောင်း၊ အဆိုပါမူဝါဒကိုလူငယ်များပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိလာနိုင်စေရန် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ လူငယ်ရေးရာ ကော်မတီများမှတစ်ဆင့် သိရှိအောင်ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ သက်ဆိုင်ရာအစိုးရဌာနများ၊ လူမှု အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ကြရမှာဖြစ်ကြောင်း၊ သို့ရာတွင် ပြည်နယ်နှင့်တိုင်း ဒေသကြီးများ အလိုက် အခြေအနေများမတူညီသည့်အတွက် အခက်အခဲများ၊ အဟန့်အတားများကိုလည်း ကျော်လွှား ရဦးမည်ဖြစ်ပါကြောင်း၊ ဦးစားပေးဆောင်ရွက်ကြမည့် ကဏ္ဍများလည်းတူညီနိုင်မှာမဟုတ်ပါကြောင်း၊ ကဏ္ဍ အသီးသီးအလိုက် အကောင်အထည်ဖော်ရန်အတွက် မဟာဗျူဟာစီမံချက်တစ်ရပ်ရေးဆွဲထားပြီးဖြစ်၍ လုပ်ငန်းစီမံကိန်းများပေါ်ပေါက်လာမှာဖြစ်ပါကြောင်း၊ ထွက်ပေါ်လာသော စီမံကိန်းများကို အကောင် အထည်ဖော်ရန် ဘတ်ဂျက်ခွင့်ပြုငွေများရရှိအောင်ကြိုးပမ်းကြရမှာဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံကိန်းများကို အကောင် အထည်ဖော်ရန် မိမိတို့ဝန်ကြီးဌာနတစ်ခုထဲသာမက သက်ဆိုင်ရာစပ်ဆက်ဝန်ကြီးဌာနများ ပါဝင်လာမှာဖြစ်သည့်အပြင် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ဖေါင်ဒေးရှင်းများ၊ အရပ်ဖက် အဖွဲ့ အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူငယ်ရေးရာမူဝါဒတွင် ကဏ္ဍ (၁၆)ရပ်ကို အကောင်အထည်ဖော်ခြင်းသည် လူငယ်များ၏ ရရှိသင့်သည့် အခွင့်အရေးများပေးခြင်းဖြစ်သည်ဟု သတ်မှတ်၍ရပါကြောင်း၊ လူငယ်များသည် နိုင်ငံတော်၏အနာဂတ်အတွက် လက်ဆင့်ကမ်းတာဝန်ယူကြ မည့်သူများဖြစ်ကြောင်း၊ မိမိတို့ရောက်ရှိနေသည့် ဒီမိုကရေစီလမ်းကြောင်းပေါ် စတင်လျှောက်လှမ်းရာ၌ အခက်အခဲများကြုံတွေ့ရမှာဖြစ်ပြီးသည်းခံဇွဲရှိ၍ ညီညွှတ်မှုအင်အားဖြင့် မိမိတို့ လက်ထက်တွင် အကောင်းဆုံးရလဒ်တစ်ခုပေါ်ထွက်လာအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသော မွန်ပြည်နယ် လူငယ်ရေးရာကော်မအဖွဲ့ဝင်များက ကော်မတီ၏ ဆောင်ရွက်ထားရှိမှုများတင်ပြခြင်း၊ လူငယ်စင်တာမြေနေရာရရှိရေးကိစ္စများ၊ အဖွဲ့အစည်း၊ ပါတီအသီးသီးက လူငယ်များက လူငယ်မူဝါဒကိုကျေးလက်နေ ပြည်သူများသိရှိနိုင်ရေး၊ လူငယ်မူဝါဒ အကောင်အထည်ဖော်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ဆက်နွယ်ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်မှုကိစ္စများ၊ လူငယ်နှင့် မသန်စွမ်း၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်းများနှင့် တိုင်းရင်းသားအရေးကိစ္စများကို အသီးသီးမေးမြန်း ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားရှင်းလင်း ပြောကြားခဲ့ ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မွန်ပြည်နယ်လူငယ့်ရေးရာကော်မတီကို ထောက်ပံ့ငွေ ကျပ် (၅,၃၃၃,၀၀၀) ကိုပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး တက်ရောက်လာကြသော လူငယ် ကိုယ်စားလှယ်များနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1_otr
#mon_apr2019