မွန်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်မှုသတင်း

မော်လမြိုင်၊ ၆ ဧပြီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သော မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ၊ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများ၊ ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုက်မရောမြို့နယ်ရှိ ကော့တာဆရာတော် အားသွားရောက်ဖူးမျှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ဟသာၤခန်းမတွင် ကျင်းပပြုလုပ်သော မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား သို့တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ နိုင်ငံတော်အနေဖြင့် ပြည်သူများ အတွက် ကောင်းမွန်သောအကျိုးရလဒ်များခံစားရရှိစေမည့် အပြောင်းအလဲများကို ဖော်ဆောင်ရာတွင် လတ်တလောအခက်အခဲများကို ပြေလည်စေရန်စနစ်တကျဖြေရှင်း အကောင်အထည်ဖော် ဆောင်ရွက် နေသကဲ့သို့ ပြည်သူများရေရှည်အကျိုးခံစားရရှိနိုင်မည့် အပြောင်းအလဲများကိုစတင်ဖော်ဆောင်ပေးရန် လိုအပ်လျက်ရှိကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် မိမိတို့တာဝန်ယူထားရသော ရှေးဦးအရွယ်ကလေးသူငယ် ကဏ္ဍကိုအလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ အရည်အချင်းစွမ်းရည်ပြည့်ဝသော လူသားအရင်းအမြစ်များသည် အနာဂတ်နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေ လိုအပ်လျက်ရှိပါကြောင်း၊ ထိုလိုအပ်သော လူသား အရင်းအမြစ်များကို ရှေးဦးအရွယ်ကလေးသူငယ်ဘဝကပင် စတင်ပျိုးထောင်ရမည်ဖြစ်ကြောင်း၊ မွေးစမှ (၈)နှစ်အရွယ်အထိသည် ရှေးဦးအရွယ်ကာလဖြစ်ပြီး ထပ်မံပိုင်းခြားကြည့်ပါက (၃)နှစ် အရွယ်အထိ ကလေးထိန်းအရွယ်ဖြစ်ကြောင်း၊ (၃)နှစ်မှ (၅)နှစ်အထိသည် မူကြိုအရွယ်ဖြစ်ပြီး (၅)နှစ်မှ (၈) နှစ်အထိသည် မူလတန်းပညာသင်ကာလဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ရှေးဦးအရွယ် ကလေးသူငယ်များနှင့်ပတ်သက်၍ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများချမှတ်ပြီးနည်းစနစ်မှန်ကန်သော ပြုစု စောင့်ရှောက်မှုများဖြင့် အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ မိခင်ဝိုင်းများ၊ အစိုးရမူကြိုများ၊ ကိုယ့်အားကိုယ်ကိုးမူကြိုများ၊ ပုဂ္ဂလိကမူကြိုများဖြင့် အစိုးရနှင့်ပြည်သူလက်တွဲ၍ ပူးပေါင်း အကောင် အထည်ဖော်နေခြင်းဖြစ်ကြောင်း၊ စနစ်ကျသောရှေးဦးအရွယ်ကလေးသူငယ် စောင့်ရှောက်ရေးဆရာဖြစ် သင်တန်းများကိုဖွင့်လှစ်လျက်ရှိရာ လာမည့်ဘဏ္ဍာရေးနှင့်အတွင်း နိုင်ငံအနှံ့ရှိ မြို့နယ်ပေါင်း (၂၀၀) ကျော်တွင် တိုးချဲ့ဖွင့်လှစ်မည်ဖြစ်၍ ရှေးဦးအရွယ်ကလေးသူငယ်ကာလတွင် အာဟာရပြည့်ဝသော၊ ဖွံ့ဖြိုးတိုးတက်သော၊ စိတ်ခံစားမှုနှင့် လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သောအခြေအနေ ကောင်းများကို လေ့ကျင့်ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ မိဘများ၊ မိသားစုဝင်များနှင့် ပြည်သူများ အားလုံးက သဘောပေါက်နားလည်ပြီး ရှေးဦးအရွယ်ကလေးသူများပြုစုစောင့်ရှောက်ခြင်းကို အလေးထား ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ အစိုးရက ပြည်သူများအတွက် သာတူညီမျှခံစားရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရာ ရှေးဦးအရွယ်ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ရာတွင် ပုံမှန်ဖွံ့ဖြိုးမှုမရှိသော ကလေးသူငယ်များ၏ အခြေအနေများကို စောလျင်စွာသိရှိပြီး တိုင်းထွာစစ်ဆေးလေ့ကျင့် ပြုစုသင်ကြား ပေးခြင်းများပြုလုပ်ပါက မသန်စွမ်းမှုများကိုများစွာလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ မသန်စွမ်းမှုများတွင် ကိုယ်ခန္ဓာ၊ အကြားအာရုံ၊ အမြင်အာရုံ၊ ဉာဏ်ရည်နှင့် ဖွံ့ဖြိုးမှု နှောင့်နှေး မသန်စွမ်းခြင်းများဟူ၍ရှိရာ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ခြင်း ( Early Childhood Care and Development – ECCD) တွင် ရှေးဦးအရွယ်ကလေးသူငယ် တိုင်းထွာစစ်ဆေးခြင်း ( Early Childhood Intervention – ECI)လုပ်ငန်းစဉ်ကိုချမှတ်ပြီးတိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျုဟာနှင့် လုပ်ငန်းစဉ်များချမှတ်ပြီးမသန်စွမ်းသူများ၏ အခွင့်အရေးများကို ဖော်ဆောင် ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များသည် အစိုးရမဟုတ်သောအဖွဲ့ အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ ယနေ့အခမ်းအနားတွင် မွန်ပြည်နယ်အတွင်းရှိစေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းများနှင့် မိခင်ဝိုင်းများကိုထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ ပူးပေါင်းဆောင်ရွက်မှုများ ကိုကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လူမှုကာကွယ် စောင့်ရှောက်ရေး အထောက်အပံ့များကို ယခုလိုကျယ်ကျယ်ပြန့်ပြန့် ထောက်ပံ့ပေးသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ မိမိတို့မွန်ပြည်နယ်သည် ပြီးခဲ့သည့်နှစ်ကရေးဘေးဒဏ်ကို များစွာခံစားခဲ့ရပြီး ဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် ဝန်ကြီးဌာနကထောက်ပံ့မှုများကို လျင်လျင်မြန်မြန် ဆောင်ရွက်ပေးသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူ ၂,၈၉၂ ဦး အတွက် ထောက်ပံ့ငွေကျပ် (၈၆,၇၆၀,၀၀၀)၊ တောင်ဝိုင်းဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေကျပ် (၆,၈၄၃,၀၀၀)၊ သထုံဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေကျပ် (၃,၁၆၈,၀၀၀)၊ မုဒုံဘိုးဘွားရိပ်သာ အတွက် ထောက်ပံ့ငွေကျပ် (၆,၃၃၆,၀၀၀)၊ သော်ကမြောင်ပရဟိတဂေဟာအတွက် ထောက်ပံ့ငွေကျပ် (၂၇,၀၉၉,၀၀၀)၊ ပေါက်တော်ပရဟိတဂေဟာအတွက် ထောက်ပံ့ငွေကျပ် (၁၃,၃၆၂,၀၀၀) ၊ ဘုရား ခြောက်ဆူပရဟိတဂေဟာအတွက် ထောက်ပံ့ငွေကျပ် (၅,၇၁၈,၀၀၀)၊ ရေတောင်ပရဟိတဂေဟာအတွက် ထောက်ပံ့ငွေကျပ် (၂,၀၅၂,၀၀၀)၊ အမျိုးသမီးစောင့်ရှောက်ရေးရိပ်သာအတွက် ထောက်ပံ့ငွေကျပ် (၂,၀၆၁,၀၀၀)၊ မော်လမြိုင်ခရိုင်အတွင်းရှိကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၂၆)ကျောင်းအတွက် ထောက်ပံ့ငွေကျပ် ( ၁၇၄၀၀၀၀၀)၊ သထုံခရိုင်အတွင်းရှိကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၂၁)ကျောင်းအတွက် ထောက်ပံ့ငွေကျပ် ( ၁၂၆၀၀၀၀၀)နှင့် မိခင်ဝိုင်း(၅)ဝိုင်းအတွက် ထောက်ပံ့ငွေကျပ် ( ၂၅၅၀၀၀၀) တို့ကို အသီးသီးထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ထောက်ပံ့မှုများ အတွက် အမျိုးသားလွှတ်တော်အမတ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် ကလေး ငယ်များအား အဟာရမုန့်များနှင့် ကစားစရာအရုပ်များပေးဝေခဲ့ကြပါသည်။ မွန်ပြည်နယ်အတွင်း ထောက်ပံ့ငွေစုစုပေါင်းမှာငွေကျပ် ( ၁၈၅,၉၄၉,၀၀၀) ဖြစ်ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထူးစောင့်ရှောက်ရန်လိုအပ်သော ကလေး ငယ်များလေ့ကျင့်သင်ကြားရေးကျောင်း၌ ကျင်းပသည့် ( World Autism Day) ကမ္ဘာ့ အော်တစ်စင်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့ရာ မော်လမြိုင်မြို့၌ အထူး စောင့်ရှောက်ရန် လိုအပ်သောကလေးငယ်များ လေ့ကျင့်သင်ကြားရေးကျောင်းရှိပြီးဖြစ်သည့်အတွက် မွန်ပြည်နယ်အတွင်းရှိ အောတစ်စင်ကလေးငယ်များအနေဖြင့် ပိုမိုအဆင်ပြေပါကြောင်း၊ ယင်းကလေး များသည် မသန်စွမ်းအမျိုးအစားထဲတွင် ပါဝင်ပါကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင်လည်း အော်တစ်စင်ကလေး ငယ်များစွာရှိရာ ကမ္ဘာမှာဒီလိုနေ့မျိုးသတ်မှတ်ကာ ၎င်းတို့၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက် ပေးခြင်းအတွက် ဆောင်ရွက်တာဖြစ်ပါကြောင်း၊ မသန်သော်လည်းစွမ်းအောင်ဆောင်ရွက် ပေးကြရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ဒုတိယသမ္မတ (၁) ကိုယ်တိုင်လည်းလူမှု ကာကွယ် စောင့်ရှောက်ရေး အမျိုးသားကော်မတီ၏ ဥက္ကဌအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများအတွက် ဒုတိယသမ္မတ(၂)က ဦးဆောင်၍ အမျိုးသားကော်မတီဖွဲ့စည်းပြီးပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းများကိုပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံရေးစသည့်ကဏ္ဍအသီးသီးတွင် ပါဝင်လာနိုင်ရန် စွမ်းနိုင်အောင် ပံ့ပိုးဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ အစိုးရတစ်ခုထဲဆောင်ရွက်၍ မရပါကြောင်း ပြည်သူများ၊ လူမှုအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းနှင့် အားလုံးပူးပေါင်းဆောင်ရွက်ကြ ရမှာဖြစ်ပါ ကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံနှင့် အရှေ့တောင်ပိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်တို့ကအဖွင့်အမှာစကားအသီးသီးပြောကြားခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့ လူငယ်သင်တန်းကျောင်းသို့ သွားရောက်ပြီးကျောင်းရှိ လူငယ်များအိမ်တွင်းလျှပ်စစ် သင်ကြားနေမှု၊ ဆပ်ပြာဆီပြုလုပ်နည်းသင်ကြား နေမှုနှင့် မြန်မာ့သိုင်းအားကစားလေ့ကျင့်နေမှုတို့ အားတွေ့ဆုံအားပေးစကားပြောကြားပြီး တာဝန်ရှိသူ များနှင့် လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1_otr
#mon_apr2019

Sign Up

Upcoming Events