ရာသီဥတုဖောက်ပြန်ပြောင်းလဲလာမှုများကြောင့် ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အကြံပေးပညာရှင်များအဖွဲ့နှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတွေ့ဆုံဆွေးနွေးမှုသတင်း

ရန်ကုန်၊ ဧပြီ ၆
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော ရာသီဥတုဖောက်ပြန်ပြောင်းလဲလာမှု များကြောင့်ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အကြံပြုချက်များ၊ သုံးသပ်ချက်များရယူ နိုင်ရေးညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးပညာရှင်များ၊ ဖြစ်ကြသော ဥက္ကဌဦးမောင်မောင်ခင်၊ အတွင်းရေးမှူး ဦးချစ်ကျော်၊ အဖွဲ့ဝင်များဖြစ်ကြသောဒေါက်တာထွန်းလွင်၊ ဦးဗစ်တာ၊ ဦးထွန်းပေါ်ဦး၊ ဦးရဲထွေး၊ ဦးမြင့်ရွှေ၊ ဦးကိုကိုအောင်၊ ဒေါက်တာစိုးလွင်ငြိမ်းနှင့် ဒေါက်တာသန်းထိန်ဝင်းတို့ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ကမ္ဘာ့ရာသီဥတုသည် ဖောက်ပြန်မှုများနှင့် ပြောင်းလဲမှုများဖြစ်ပေါ်နေသည်ကို အားလုံးသိရှိပြီး ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတွင် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင် စွမ်းရှိသော လူ့အသိုက်အဝန်း ဖြစ်ပေါ်လာစေရေးသည် မိမိတို့ဝန်ကြီးဌာန၏ မူဝါဒတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လည်း ဒုတိယသမ္မတ (၂) ဦးဆောင်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်း ကော်မတီ (၁၂) ခုကိုဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ဒုတိယသမ္မတ(၁)ဦးဆောင်၍ အမျိုးသား အဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုကော်မတီဖွဲ့စည်းထားရှိပြီး၊ ရာသီဥတု ပြောင်းလဲမှုဒဏ်ခုခံနိုင်စွမ်းမြင့်မားရေးကို နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ် အဆင့်များတွင် ဆောင်ရွက်နေပါကြောင်း၊ယနေ့ကာလအခြေအနေများအရရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာသောဆိုးကျိုးသက်ရောက်မှုများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများထက် ကျော်လွန်သက်ရောက်နေ ပါကြောင်း၊ အစိုးရအနေဖြင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများကိုရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိစေရေးလုပ်ငန်းများနှင့် ယှဉ်တွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မူဝါဒများ၊ ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များချမှတ်ပြီးလက်တွေ့ကျကျ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာအကြံပေးအဖွဲ့မှ ကျွမ်းကျင်ပညာရှင်ကြီး များအနေဖြင့် ပြည်သူများလက်တွေ့ခံစားနေရသောဘေးဒုက္ခများနှင့်ပတ်သက်၍ ကဏ္ဍအလိုက် လက်တွေ့ ကျသော ဖြစ်နိုင်ခြေရှိသောဖြေရှင်းဆောင်ရွက်မှုနည်းလမ်းများကိုသုံးသပ်အကြံပြုပေးပါရန် ပြောကြားခဲ့ပါ သည်။
ဆက်လက်ပြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနညွန်ကြားရေးမှူးချုပ်ကရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များနှင့်ပတ်သက်၍ စီမံခန့်ခွဲမှု လုပ်ငန်းများ၊ ရာသီဥတု ပြောင်းလဲမှုတွင် မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုများ၊ သောက်သုံးရေရှားပါးမှု၊ရေဘေး၊ မိုးကြိုးဘေး၊ ကမ်းပြိုဘေးဖြစ်ပွားမှုအခြေအနေများနှင့်ထောက်ပံ့ပေးမှု အခြေအနေများ၊သဘာဝဘေး ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ၊ဘက်စုံသုံးဘေးဒဏ်ခံအဆောက်အဦများပိုမိုဆောက်လုပ်ပေးထားရှိမှုများ၊သဘာဝဘေးတုံ့ပြန်ဆောင်ရွက်သည့်အခါ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပိုမိုထိထိရောက်ရောက် လုပ်ဆောင်နိုင်ရန် အရေးပေါ်စီမံခန့်ခွဲမှုဗဟိုဌာန (Emergency Operation Center – EOC) ဖွင့်လှစ်၍ ဆောင်ရွက်နေမှုများ၊ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး၊ မိုးလေဝသစောင့်ကြည့် လေ့လာခြင်း၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိစေရေးကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေး တင်ပြခဲ့ပါသည်။
ထို့နောက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအကြံပေးပညာရှင်အဖွဲ့ ဥက္ကဌဦးမောင်မောင်ခင်က အကြံပေးအဖွဲ့၏ ဆောင်ရွက်ထားရှိမှုများ၊ အတွင်းရေးမှူး မိုးလေဝသပညာရှင် ဦးချစ်ကျော်က မြန်မာ့မုတ်သုံ ရာသီအပြောင်းအလဲနှင့် ထိခိုက်နိုင်ခြေဆန်းစစ်ထားရှိမှုများကို Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကပြောကြားရာတွင် မိုးတွင်းကာလပြောင်းလဲမှုဖြစ်ပေါ်နေသော အရာ များဖြစ်သည့် မိုးတွင်းကာလကို မိုးကြိုကာလ၊ မိုးဦးကာလ၊ မိုးလယ်ကာလ၊ မိုးနှောင်းကာလနှင့် မိုးလွန်ကာလဟူ၍ ခွဲခြားလေ့လာသင့်ပါကြောင်း၊ မြန်မာနိုင်ငံ၏တောင်သူလယ်သမားများနှင့် ပြည်သူများသည် မုတ်သုံရာသီဥတု၏ ထူးခြားပြောင်းလဲလာမှုကို ကောင်းစွာသိရှိရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ၏ အဓိကစိုက်ပျိုးသီးနှံတစ်မျိုးဖြစ်သည့် ဆန်စပါးစိုက်ပျိုးမှုများ၌ မုတ်သုံရာသီပြောင်းလဲလာမှုကြောင့် သက်ကြီးစပါးစိုက်ပျိုးရန် ခက်ခဲလာပါကြောင်း၊ မြန်မာနိုင်ငံသို့ ဝင်ရောက်သည့်မုန်တိုင်းများ၏ ၅၁% သည် မိုကြိုးကာလနှင့် ၄၉% သည် မိုးလွန်ကာလတွင် ဖြစ်ပါကြောင်း၊ မိုးလွန်ကာလဟုသတ်မှတ်သည့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်လာများတွင်ဖြစ်ပေါ်သည့် အခါလွန်မိုးများသည် စိုက်ပျိုးရေးကိုထိခိုက်နိုင်ပါဖြင့် စိုက်ပျိုးရေးတွင် အပြောင်းအလဲပြုလုပ်သင့်ပါကြောင်း၊ အထူး သဖြင့် နိုင်ငံတော်ကရည်မှန်းထားသည့် စက်မှုစိုက်ပျိုးရေးကို မြန်မြန်ဆန်ဆန် ရောက်ရှိအောင် ဆောင်ရွက်ရန်လို အပ်နေပြီဖြစ်ကြောင်း၊ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ကလည်းသဘာဝဘေးနှင့်ပတ်သက်၍ အမြဲအဆင်သင့်ဖြစ်ကြရန် သတိပေးထားပြီးဖြစ်ကြောင်း၊၂၀၁၉ ခုနှစ်အတွင်း အယ်လ်နီညိုဖြစ်ပေါ်နိုင်မှုနှင့် ပြောင်းလဲမှုဖြစ်စဉ်များ၊ တောမီး လောင်ကျွမ်း မှုများပြားလာခြင်းနှင့် ပညာပေးရန်ပိုမိုလိုအပ်လာမှုများ၊ခရမ်းလွန်ရောင်ခြည်ကျရောက်နိုင်မှု အန္တရာယ်များ၊ ယခုနှစ်နွေရာသီတွင်အပူချိန်မြင့်တက်မှုကြောင့်ဖြစ်ပေါ်လာမည့် ရေရှားပါးမှုနှင့် နောက်ဆက်တွဲ ရေလမ်းကြောင်းဆိုင်ရာသတိပြုရမည့်အန္တရာယ်များနှင့် လုပ်ဆောင်သင့်သည်များကိုအကြံပေး ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးပညာရှင်အဖွဲ့ဝင်များဖြစ်သော ရေအရင်းအမြစ် စီမံခန့်ခွဲမှုပညာရှင်၊ စိုက်ပျိုးရေးပညာရှင်၊ ပြည်သူ့ကျန်းမာရေးပညာရှင်၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးပညာရှင်နှင့် အင်ဂျင်နီယာပညာရှင်များက ၎င်းတို့၏ သက်ဆိုင်ရာ ကဏ္ဍအသီးသီးအလိုက် လေ့လာဆန်းစစ်တွေ့ရှိမှုများကို အကြံပြုဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးဦးစိုးအောင်က အကြံပြုဆွေးနွေးချက်များ အပေါ် ကျေးဇူးတင်ရှိပါကြောင်းနှင့် လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်သွားနိုင်ရေးကို ဆက်စပ် ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အကြံပေးပညာရှင်အဖွဲ့၏ သုံးသပ်အကြံပြုချက်များကို အလေးထားပြီးလိုအပ်သော လက်တွေ့ ကျသည့် လုပ်ငန်းစီမံချက်များကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌထံသို့ ဆက်လက်တင်ပြ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများသို့ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုဆိုင်ရာအသိပညာပေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#hl1_otr
#ygn_apr2019

Sign Up

Upcoming Events