မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၅)ရက်နေ့ မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန်ထုတ်ပြန်ချက်အရ-
“ယနေ့ မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ – အနောက်ဘက်မှလာသော လေအေးများနှင့် ဘင်္ဂလားပင်လယ်အော်မှလာသော လေနွေးများစုဆုံမှုကြောင့် (၆.၄.၂၀၁၉) ရက်နေ့မှ (၁၀.၄.၂၀၁၉) ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။”
အကြံပြုချက်
ပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်း များတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။