၅.၄.၂၀၁၉ (သောကြာနေ့) M–Gallery Hotel၊ (နေပြည်တော်)
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း အစည်းအဝေးကို မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဒုတိယဥက္ကဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဝင် ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ယူနီဆက်ဖ်(မြန်မာ)မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ တာဝန်ရှိသူများ၊ အခြားဖိတ်ကြားထားသည့် ဖွံ့ဖြိုးတိုးတက်မှုမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် မသန် စွမ်းမှု ဆက်စပ်အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီ၊ ဒုတိယ ဥက္ကဌ (၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့်အညီ တစ်နိုင်ငံလုံး တွင်ရှိသည့် ပြည်သူများအတွက် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံလူ့အခွင့်အရေးများ ရရှိ ခံစားနိုင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအပြင် နိုင်ငံတော်၏ လိုအပ်ချက်အရ ပြန်လည်ထူထောင်ရေးဦးစီးဌာနကို တိုးချဲ့ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးတို့ကို ဖြည့်ဆည်းပေးနိုင်ရေးကို ပိုမိုအားပေး မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
အထူးသဖြင့် မသန်စွမ်းသူများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ အတားအဆီးများအား ဖယ်ရှားပေးရေး၊ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များတွင် ပေါင်းစည်းပါဝင်နိုင်ရေး၊ မသန်စွမ်းသူများအနေဖြင့် နိုင်ငံတော်အစိုးရနှင့် အခြားမိတ်ဖက်အဖွဲ့ အစည်းများမှ ပံ့ပိုးသည့်သင်တန်းများနှင့် ဖွံ့ဖြိုးမှု အစီအစဉ်များတွင် ပါဝင်ပြီး၊ အများနည်းတူ အကျိုးကျေးဇူးများ ရရှိခံစားနိုင်စေရေးအတွက် အလွန်အရေးပါသည့် မသန်စွမ်းမှုအဆင့် သတ်မှတ် ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းစနစ်တစ်ရပ် ပေါ်ထွက်လာစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊
မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းအစည်းအဝေးတို့ကို ပုံမှန်ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် မသန်စွမ်းကလေးသူငယ်များ အပါအဝင် မသန်စွမ်းသူများ၏ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းအတွက် ကနဦး စီမံကိန်းဆောင်ရွက်မည့် နေရာများနှင့် အစီအစဉ်တို့ကို ဆွေးနွေးညှိနှိုင်းခြင်း၊ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းနည်းလမ်းတို့ကို အတည်ပြု နိုင်ရန် ဆွေးနွေးခြင်း၊ ဥပဒေနှင့် နည်းဥပဒေတို့တွင်ပါရှိသည့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်း ဆိုင်ရာ တာဝန်နှင့် ဝတ္တရားတို့ကို ဆွေးနွေးအတည်ပြုခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာမြလေးစိန်က အဖွင့်မိန့်ခွန်း ပြောကြားရာတွင် အမျိုးသားကျန်းမာရေးစီမံကိန်းအရ လူသားအားလုံးကျန်းမာရေး စောင့်ရှောက်မှုကို ငွေကြေးအခက်အခဲမရှိ ရရှိနိုင်ရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူ အားလုံးကျန်းမာရေး ပြုစုစောင့်ရှောက်မှုတို့ကို တစ်ပြေးညီရရှိခံစားနိုင်ရေးအတွက် ဆောင်ရွက် နေပါကြောင်း၊ အထူးသဖြင့် မသန်စွမ်းသူများအတွက် လိုအပ်ချက်တို့ကို ဦးစားပေးဆောင်ရွက် နေပါကြောင်း၊ မသန်စွမ်းသူများ၏ လက်ရှိအခြေအနေတို့ကို သိရှိပြီး မသန်စွမ်းဖြစ်မှုအား ကာကွယ် ခြင်း၊ မသန်စွမ်းသူများအတွက် ပညာရေး၊ ပြုစုစောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေး ဝန်ဆောင် မှုတို့ကို ဆောင်ရွက်ရန်လိုပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် မသန်စွမ်း သူများ၏အခွင့်အရေးဥပဒေ(၂၀၁၅)ပါ ပြဌာန်းချက်များ၊ အမျိုးသားကော်မတီ၏ လမ်းညွှန်ချက် များနှင့်အညီ မသန်စွမ်းသူများအား အဆင့်သတ်မှတ်ခြင်း၊ မသန်စွမ်းမှုအမျိုးအစားများ သတ်မှတ် ခြင်းတို့ကို နိုင်ငံတကာစံနှုန်းများအတိုင်းဖြစ်စေရေးအတွက် လိုအပ်သောညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းမှုအဆင့် စိစစ်သတ်မှတ်ရေး အဖွဲ့တို့ကို လည်းဖွဲ့စည်းနိုင်ရန် ဆောင်ရွက်နေပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးတို့ကို ဖော်ဆောင် မည့် မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်သည် အရေးကြီးသောကြောင့် ကျန်းမာရေးနှင့် လူမှုရေးအဖွဲ့အစည်းများ သာမက အခြားဌာန ဆိုင်ရာများနှင့် ပြည်သူလူထုကပါ ဝိုင်းဝန်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ယူနီဆက်ဖ် (မြန်မာ) မှ ဌာနေကိုယ်စားလှယ်၊ Ms. June Kunugi ကိုယ်စား Mr. Samman J. Thapa, Chief, Social Policy and Child Right Monitoring က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြေကြားခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် တက်ရောက်လာကြသူများမှ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်း နှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းအတွက် ကနဦးစီမံကိန်းဆောင်ရွက်မည့် နေရာများနှင့် အစီ အစဉ်၊ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း လုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းလမ်းနှင့် ဆောင်ရွက်ရမည့် တာဝန်နှင့် ဝတ္တရားတို့ကို ဆွေးနွေးညှိနှိုင်းခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်တို့ကို ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။
မသန်စွမ်းသူတစ်ဦးချင်းစီ၏ မသန်စွမ်းမှုအဆင့်တို့ကို ခွဲခြားသတ်မှတ်ပြီး မသန်စွမ်းသူ များ အတွက် မှတ်ပုံတင်ထုတ်ပေးခြင်းအားဖြင့် မသန်စွမ်းသူများသည် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားခွင့်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်ခြင်း၊ မသန်စွမ်းသူများ၏ ပင်ကိုယ်အရည်အချင်းနှင့် အစွမ်းအစတို့ကို ပြည်သူလူထုအနေဖြင့် အထင်အရှား တွေ့မြင်နိုင် မည် ဖြစ်ပြီး၊ မသန်စွမ်းသူ၏ ကိုယ်ပိုင်ယုံကြည်မှုမြင့်မားလာခြင်း၊ သိမ်ငယ်စိတ်၊ ရှက်ကြောက်စိတ်များ လျော့နည်းသွားခြင်းစသည့် ကောင်းမွန်သော အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။
Source: MSWRR
#hl2_otr
#npw_apr2019