ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အာဆီယံဒေသဆိုင်ရာကလေးသူငယ်များအပေါ် အကြမ်းဖက်ခြင်းပပျောက်ရေးနှင့် လုပ်ငန်းစီမံချက်အပေါ်ပြန်လည်သုံးသပ်သည့် အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲတက်ရောက်မှုသတင်း

နေပြည်တော် ၊ ဧပြီ ၅
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယနေ့ နံနက် ပိုင်းက နေပြည်တော်၊ Park Royal Hotel ၌ကျင်းပသော အာဆီယံဒေသဆိုင်ရာကလေးသူငယ်များအပေါ် အကြမ်းဖက်ခြင်းပပျောက်ရေးနှင့် လုပ်ငန်းစီမံချက်အပေါ်ပြန်လည်သုံးသပ်သည့် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးကမိမိတို့ အစိုးရအနေဖြင့်ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်၍ ဖော်ဆောင်ပေးနိုင်ရန်ဦးဆောင်ဆောင်ရွက်လျက်ရှိပြီး (United Nation Convection on the Rights of Child-UN CRC) တွင် ၁၉၉၁ ကတည်းက လက်မှတ်ရေးထိုးထားကြောင်း၊ ၂၀၁၀ ခုနှစ်တွင် အာဆီယံဒေသဆိုင်ရာအမျိုးသမီးများနှင့် ကလေးသူငယ်အခွင့်အရေးများမြှင့်တင်ပေးခြင်းနှင့် ကာကွယ် စောင့်ရှောက်ရေးကော်မရှင် (ASEAN commission on Promotion and Protection of the Rights of Women and Children- ACWC) ပေါ်ပေါက်လာပါကြောင်း၊ ACWC ကော်မရှင်တွင် အာဆီယံနိင်ငံ အားလုံး ပါဝင်နိုင်ရန်ဖွဲ့စည်းထားကြောင်း၊ အဆိုပါ ACWC ကော်မရှင်တွင်မိမိတို့နိုင်ငံမှ ကိုယ်စားလှယ် နှစ်ဦးပါဝင်ကြောင်း၊ ၂၀၁၃ခုနှစ်တွင် အာဆီယံခေါင်းဆောင်များမှ အမျိုးသမီးများနှင့် ကလေးသူငယ်များ အပေါ်အကြမ်းဖက်မှုပပျောက်ရေး ကြေငြာစာတမ်းထုတ်ပြန်ခဲ့ကြောင်း၊ ထိုကြေညာစာတမ်းကို အကောင် အထည် ဖော်ရန် ACWC ကော်မရှင်မှတာဝန်ယူ၍ အာဆီယံဒေသဆိုင်ရာ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းစီမံချက် (ASEAN Regional Plan of Action on Elimination of Violence Against Children) ပေါက်ပေါက်လာကြောင်း၊ ထိုစီမံချက်ကိုအကောင်အထည်ဖော်ရန် မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်နေကြောင်း၊ အကောင်ထည်ဖော်ဆောင်ရွက်ချက်များအပေါ်တွင် ပြန်လည်သုံးသပ်ရန်လိုအပ်သဖြင့် ယနေ့အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊ ဤအလုပ်ရုံ ဆွေးနွေးပွဲတွင် ဆောင်ရွက်နေသောလုပ်ငန်းစဉ် (၈) ရပ်ကိုဆွေးနွေးသုံး သပ်ကြမည်ဖြစ်ကြောင်း၊ ၁၉၉၃ ခုနှစ်တွင် အတည်ပြုအသုံးပြုလျက်ရှိသော ကလေးသူငယ်ဥပဒေကိုပြင်ဆင်ရန်လိုအပ်သည့်အတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသစ်ရေးဆွဲပြဌာန်းနိုင်ရန် ဥပဒေကြမ်းကို လွှတ်တော်တွင် ဆွေးနွေးနေပြီဖြစ်ပါကြောင်း၊ မကြာမီအတည်ပြုနိုင်မည်ဖြစ်ကြောင်း၊ ကလေးသူငယ်များအပေါ် အကြမ်း ဖက်ခြင်းမှ ကာကွယ်ခြင်းနှင့်ပတ်သက်၍ အခန်းတစ်ခုအနေဖြင့် သီးခြားထည့်သွင်းရေးဆွဲထားပါကြောင်း၊ ဥပဒေပေါ်ပေါက်လာပါက ထိုဥပဒေစိုးမိုးမှုရှိရန်လိုအပ်ပါကြောင်း၊ ထိရောက်သောပစ်ဒဏ်များချမှတ်နိုင် ရေး ထည့်သွင်းရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီကို လည်းဖွဲ့စည်းထားပြီးဖြစ်ရာ နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ် အဆင့်ထိအဆင့်ဆင့် ဖွဲ့စည်းထားပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးဖော်ဆောင်ခြင်းနှင့် ကလေး သူငယ်များအပေါ် အကြမ်းဖက်ခြင်းပပျောက်ရေးနှင့်ပတ်သက်၍ ပြည်သူအားအသိပညာပေးရန် လိုအပ် ကြောင်း၊ ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍အသက်ရှင်သန်ခွင့်၊စောင့်ရှောက်ခံပိုင်ခွင့်၊ ဖွံ့ဖြိုး တိုးတက်ခွင့်နှင့် ပါဝင်ခွင့်ဟူ၍ကလေးသူငယ်ဥပဒေတွင် ပါရှိကြောင်း၊ ကလေးသူငယ်များအား ကာကွယ် စောင့်ရှောက်ရေးမူဝါဒ (Child Protection Policy) ရေးဆွဲရန်လိုအပ်နေသေးသည့်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးက ညှိနှိုင်းဆောင်ရွက်နေကြောင်း၊ ကလေးသူငယ်များအပေါ်အကြမ်းဖက်မှုများမှ တားဆီးကာကွယ်နိုင်ရေးအတွက် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ကို ၂၀၁၅ ခုနှစ်မှစတင်ဆောင်ရွက် လျက်ရှိပြီး အဆိုပါစနစ်တွင် ကလေးသူငယ်ကိစ္စရပ်များ အပါအဝင်ကျား/ မအခြေပြုအကြမ်း ဖက်ခြင်း ပေါင်းစပ်ဖြေရှင်းနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ်များနှင့် ပတ်သက်၍အပြုသဘော ဆောင်သောသွန်သင်ဆုံးမခြင်းဆိုင်ရာစံလက်စွဲစာအုပ်(မူကြမ်း)ရေးသားဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း၊ကလေးများ၏အခွင့်အရေးနှင့်အကြမ်းဖက်မှုကာကွယ်ရေးများတွင်နေရာဒေသအသီးသီးတွင် အခြေအနေ အမျိုးမျိုးဖြင့် ရပ်တည်နေသောကလေးသူငယ်များအားလုံးသာတူညီမျှခံစားရရှိနိုင်ရန် ကလေးများ၏ အသံများသည်လည်းအရေးကြီးပါကြောင်းနှင့် လုပ်ငန်းများအကောင်အထည်ဖော်နိုင်ရန် အားလုံးဝိုင်းဝန်း ကြိုးစားပေးကြစေလိုကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ UNICEF ၏ ဌာနေကိုယ်စားလှယ် Ms.JuneKunugi က နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီးလူမှုဝန်ထမ်းဦးစီးဌာနညွန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက Overview of ASEAN Regional Plan of Action for Elemination of Violence Against Children ကို တင်ပြ ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဒုတိယဝန်ကြီးဦးဝင်းမော်ထွန်း၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ အခြားအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသော ကလေးသူငယ်များနှင့် လူငယ်ကိုယ်စား လှယ်များ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1_otr
#npw_apr2019

Sign Up

Upcoming Events