၄-၄-၂၀၁၉၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် သဘာဝဘေးကြောင့်ဖြစ်စေ၊ လူကြောင့်ဖြစ်သော ဘေးဖြစ်စေ ဘေးဒုက္ခကြုံတွေ့ရသူ များအား စားနပ်ရိက္ခာနှင့် အစားအစာမဟုတ်သော အခြားပစ္စည်းများအပါအဝင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို ဘေးသင့်သူများ၏ လိုအပ်ချက်များအရ အချိန်နှင့်တပြေးညီ ထောက်ပံ့ခြင်းကို မိမိဝန်ကြီးဌာနအပြင် ဆက်နွယ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်း မှစ၍ မြန်မာ့တပ်မတော်နှင့် AA သောင်းကျန်းသူ အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ရခိုင် ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင် မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် နေရပ်စွန့်ခွာ တိမ်းရှောင်နေထိုင်သူများအား လတ်တလောစားဝတ်နေရေး ပြေလည်သက်သာစေရန်လည်း ကူညီပံ့ပိုးလျက်ရှိပါသည်။
တိုက်ပွဲများဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ်၊ မြို့နယ်(၆)မြို့နယ်ရှိ ယာယီခိုလှုံရာစခန်း (၁၀၂)ခု၌ (၈-၁၂-၂၀၁၈)နေ့မှ (၂-၄-၂၀၁၉)နေ့အတွင်း တိုက်ပွဲရှောင်အိမ်ထောင်စု ခြောက်ထောင်ကျော်၊ လူဦးရေနှစ်သောင်းခြောက်ထောင်ကျော် ရောက်ရှိခိုလှုံခဲ့ပါသည်။ တိုက်ပွဲရှောင်များ ရောက်ရှိနေထိုင်ကြောင်း သတင်းရရှိလျှင် ရရှိချင်း လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ ဘေးသင့်သူများ လက်ဝယ်သို့ဖြစ်စေ၊ အနီးဆုံးစုရပ်သို့ဖြစ်စေ၊ ယာယီခိုလှုံရာစခန်းများ မှတဆင့်ဖြစ်စေ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ခဲ့ပါသည်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်မှ ကွင်းဆင်းထောက်ပံ့မှုအပြင် ပြည်ထောင်စုအဆင့်မှ ကွင်းဆင်းဆောင်ရွက်မှု များအနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ဒုတိယဝန်ကြီး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သောအဖွဲ့များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော အဖွဲ့များသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လများအတွင်း၌ တိုက်ပွဲရှောင်များထံ ကွင်းဆင်းတွေ့ဆုံ၍ ဆန်ရိက္ခာဖိုး၊ ကယ်ဆယ်ရေးပစ္စည်း များဖြစ်သည့် စောင်၊ ပလပ်စတစ်ဖျာနှင့် သေဆုံး/ဒဏ်ရာရထောက်ပံ့ကြေးငွေများ ပံ့ပိုးလျက်ရှိရာ (၂-၄-၂၀၁၉)နေ့အထိ ကျပ်သိန်းပေါင်း (၄၀၀၀)ခန့်တန်ဖိုးရှိ စားနပ်ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ကြေးငွေများ ပံ့ပို့ခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် အဆိုပါမြို့နယ်များအတွင်း နေထိုင်သူများမှ စားနပ် ရိက္ခာအခက်အခဲ ရှိကြောင်း သတင်းပို့လာပါက ထောက်ပံ့ပေးနိုင်ရေးအတွက်လည်း စီစဉ်ထားရှိပြီးဖြစ်ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လူသားချင်း စာနာထောက်ထားမှုအကူအညီ များအား မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ ပါဝင်သည့် ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement)၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (World Food Programme) တို့အားလည်း ညှိနှိုင်းဆောင်ရွက်စေလျက်ရှိရာ (၂-၄-၂၀၁၉)ရက်နေ့ထိ ကြက်ခြေနီ လှုပ်ရှားမှုအနေဖြင့် တိုက်ပွဲရှောင် လူဦးရေ နှစ်သောင်းခန့်အတွက် စားနပ်ရိက္ခာအပြင် ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် တာပေါ်လင်စ၊ ခြင်ထောင်၊ အိပ်ယာ၊ ကျား/မလုံချည်၊ Family Kit၊ Hygiene Kit၊ Kitchen Set များအားလည်းကောင်း၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အနေဖြင့် မင်းပြားမြို့နယ်ရှိ တိုက်ပွဲရှောင် နှစ်ထောင်ကျော်အား ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် စားနပ်ရိက္ခာ များအားလည်းကောင်း ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်အတွင်းရှိ တိုက်ပွဲရှောင်များအား လူသားချင်းစာနာ ထောက်ထားမှုအကူအညီ များအား လိုအပ်ချက်အရ ထောက်ပံ့လျက်ရှိ သည့်အပြင် ကြက်ခြေနီ လှုပ်ရှားမှု၊ ကမ္ဘာ့စားနပ်ရိက္ခာအစီ အစဉ်တို့နှင့်လည်း ညှိနှိုင်းပေါင်းစပ် ထောက်ပံ့ စေလျက်ရှိပါသည်။ ဒေသတွင်း နေထိုင်သူများအနေဖြင့် ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် ထောက်ပံ့ကူညီမှုရရှိနိုင်ရန် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသကဲ့သို့ ကြက်ခြေနီလှုပ်ရှားမှု အနေဖြင့်လည်း ရခိုင်ပြည်နယ်အတွင်း ရွေ့လျားဆေးပေးခန်း များ ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရာသီအတွက် သီးနှံမျိုးစေ့များ ဖြန့်ဖြူးနိုင်ရန် ပြင်ဆင် ခြင်းတို့အားလည်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
#otr
#rke_apr2019
Source: MSWRR