၁။ ၂၀၁၉ခုနှစ်၊ ဧပြီလ(၂)ရက်နေ့ ညနေပိုင်းတွင် တိုင်းဒေသကြီးအချို့၌လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းတို့ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်၊ ပန်းတောင်း၊ ရွှေတောင်၊ သဲကုန်း၊ ရေတာရှည်မြို့နယ်တို့တွင် အိမ်(၇၅၀)ကျော်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ၊ လေးမျက်နှာ၊ အင်္ဂပူ၊ ကြံခင်းမြို့နယ်တို့တွင် အိမ်(၁၁၀)ကျော်ခန့်၊ မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်တွင် အိမ်(၁၇)လုံး၊ စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်၊ ကျွန်းလှ၊ ကောလင်းမြို့နယ်တို့တွင် အိမ်(၁၁၀) ခန့် အမိုးအကာများပျက်စီးခဲ့ကြောင်း ကနဉီးသိရှိရပါသည်။
၂။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ထိခိုက် ပျက်စီးမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ တိုင်းဒေသ ကြီး၊ ခရိုင်ဉီးစီးမှူးရုံးများမှ ဘေးသင့်နေရာများသို့ အမြန်ဆုံးသွားရောက်ထောက်ပံ့ပေးလျက်ရှိပါ သည်။
၃။ ယခုကာလတွင်ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်မှုများနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် နေအိမ်များ လေပြင်းဘေးဒဏ် ခံနိုင်ရေး အားဖြည့်ပြင်ဆင်မှုအစီအမံများကို လေပြင်းဘေးဖြစ်ပွားမှုများပြားသည့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် နှစ်စဉ် စံနမူနာပြဆောင်ရွက်ပေးလျက်ရှိရာ ယခုနှစ်၌ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီးတို့နှင့် ရှမ်းပြည်နယ်တို့မှ မြို့နယ်(၄၂)မြို့နယ်ရှိ လေပြင်းဒဏ်ခံနိုင်မှု အားနည်းသောအိုးအိမ်များကိုရွေးချယ်ကာ ဉီးစားပေးအလိုက် အိမ်ပေါင်း(၁၂၀၀၀)ကျော်ကို ငွေကျပ် (၃၁၁)သန်းကျော် ကျခံပြင်ဆင်ဆောင်ရွက် ပေးလျက်ရှိပါသည်။
၄။ ယခုကဲ့သို့ နွေရာသီကာလ မတ်လနှင့်ဧပြီလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာရာမှ လေပြင်းများတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းတို့ဖြစ်ပွားတတ်သဖြင့် အောက်ပါအတိုင်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ပါရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက နှိုးဆော်ထားပါသည်-
– နေအိမ်အဆောက်အဦများ၏ ကြံ့ခိုင်မှုကိုစစ်ဆေးပါ။
– အိမ်အမိုး/အကာများ၊ တံခါးများ၊ ပြူတင်းပေါက်များအား ပိုမိုခိုင်ခံ့စေရန် ဆောင်ရွက်ပါ။
– လေဒဏ်ခံနိုင်စေရေးအတွက် ထောက်တန်းများ၊ ဒေါက်တိုင်များကို လိုအပ်သည့်နေရာ များတွင် တပ်ဆင်ပါ။
– အိမ်၏ အတွဲအဆက်အားလုံးကို ချောင်ထွက်မနေအောင် ဆောင်ရွက်ပါ။
– အိမ်အနီးရှိကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းထားပါ။
– မိုးရွာသွန်းနေစဉ်၊ မိုးခြိမ်းနေစဉ်၊ လျှပ်စီးလက်နေချိန်များတွင် လယ်ကွင်း၊ ကွင်းပြင်ထဲ နေထိုင်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားပါ။ တတ်နိုင်သမျှ အိမ်ထဲတွင်နေထိုင်ပါ။
– မဖြစ်မနေ အိမ်ပြင်သို့ထွက်ရမည်ဆိုပါက မိုးသီးဒဏ်ခံနိုင်ရေး၊ လေဖြင့်လွင့်ပါလာနိုင် သည့်အရာများ၏ထိခိုက်မှုမှ ကာကွယ်နိုင်ရေးတို့အတွက် မိမိကိုယ်ကို အကာအကွယ် များပြုလုပ်သွားပါ။
– အိမ်မွေးတိရစ္ဆာန်နှင့် ကျွဲနွားများအတွက်လည်း ခိုလှုံစရာများ ကြိုတင်စီစဉ်ထားပါ။ မိုးသီးကြီးများသည် တိရိစ္ဆာန်များကို အသက်အန္တရာယ်ရှိစေသည်အထိဖြစ်စေနိုင်ပါသည်။
– သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသော မိုးလေဝသတင်းများကို စဉ်ဆက် မပြတ် နားထောင်ပါ၊ အခြားသူများကိုလည်း မျှဝေပေးပါ။
၅။ ပြည်သူလူထုအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်းလည်း သိရှိရပါသည်။