၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၂၆-၄-၂၀၁၆) ရက်နေ့၊ ည (၀၉:၃၀) နာရီတွင် မိုးမိတ်မြို့သို့ ရောက်ရှိပြီး မိုးမိတ်မြို့၊ ရွှေလီ (၃) ဧည့်ရိပ်သာ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ လားရှိုးခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ၂၀၁၆ခုနှစ် ဧပြီလ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့အထိ (၃) ရက်ဆက်တိုက် ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ်အတွင်းရှိ လေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်စပ်လျဥ်း၍ ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
၂။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ (၂၇-၄-၂၀၁၆) ရက်နေ့၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မဘိမ်းမြို့သို့ ရောက်ရှိပြီး မဘိမ်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ မဘိမ်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျနေအိမ်များနှင့် အမိုးလန်ပျက်စီးနေအိမ်များအတွက် ထောက်ပံ့ငွေ (၁၁၀.၂) သိန်းနှင့် သေဆုံးသူ (၂) ဦးအတွက် ထောက်ပံ့ငွေ (၂) သိန်းအား ပေးအပ်ခဲ့ပြီး သေဆုံးသူများ၏ မိသားစုဝင်များအား နှစ်သိမ့်အားပေးစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ထောက်ပံ့ပေးအပ်မှုနှင့် စပ်လျဉ်း၍ ကယ်ဆယ်ရေးစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
၃။ ယင်းနောက် လေဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော မဘိမ်းမြို့နယ် ရဲစခန်း အဆောက်အဦးများ၊ အ.မ.က (၃) မဘိမ်း၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် မဘိမ်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံး အဆောက်အဦးများအား လှည့်လှည်ကြည့်ရှု့ပြီး လေဘေးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်လူနာ (၂) ဦးအား အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေကျပ် (၁) သိန်းနှင့် အစားအစာများ ပေးအပ်ခဲ့ပါသည်။ ဆေးရုံဝန်းအတွင်း အပျက်အစီးများအား ဖယ်ရှားရှင်းလင်းမှုလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသော တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများအား အစားအစာများ ပေးအပ်ခဲ့ပါသည်။
၄။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် မိုးမိတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး မိုးမိတ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျနေအိမ်များနှင့် အမိုးလန်ပျက်စီးနေအိမ်များအတွက် ထောက်ပံ့ငွေ (၆၃၀.၅) သိန်း၊ မိုးကာလိပ် (၁၀) လိပ်၊ အသင့်စားခေါက်ဆွဲ (၉၃) ဖာနှင့် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်အတွင်း လေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် ကျပ် (၃၀၀) သိန်းတန်ဖိုးရှိ သွပ် (၁၀၀၀၀) ချပ်အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ မိုးမိတ်မြို့နယ်၊ လယ်ကြီးကျေးရွာအုပ်စု၊ အာသံကျေးရွာမှ အသက် (၁၀၁) နှစ်ရှိ အဖွားဒေါ်ဆွဲဟန်အား သွားရောက်ကန်တော့ပြီး ဝန်ကြီးဌာနအနေဖြင့် ငွေကျပ် (၅) သောင်းအား ပေးအပ်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။