ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြစ်ကြီးနားမြို့တွင်  လူငယ်များ၊ လူမှုအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်တွေ့ဆုံမှုသတင်း

 

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဝင်နိုင်ထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက်   စေတနာ့ဝန်ထမ်း မူးယစ် ကြီးကြပ်ရေးမှူးသင်တန်းဖွင့်ပွဲနှင့်လူငယ်များ၊ လူမှုအဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ မြစ်ကြီးနား ပြန်လည်ထူထောင်ရေးစခန်းတွင် ကျင်းပပြုလုပ်သော စေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ နိုင်ငံတော် အစိုးရက လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရာတွင် စွမ်းရည် ပြည့်ဝသော လူသားအရင်း အမြစ်များလိုအပ်ကြောင်း၊ မူးယစ်ပြဿနာသည်  လူသားအရင်း အမြစ်ဖြုန်းတီးမှု၏ အဓိက ပြဿနာတစ်ရပ်ဖြစ်လာကြောင်း၊ မူးယစ်ပြန်လည်ထူထောင် ရေးလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောက်ရွက်ရမည်ဖြစ်ကြောင်း၊ ယခု ကဲ့သို့ဆောင်ရွက်ရာတွင် လူမှုအဖွဲ့အစည်းများ၊ စေတနာရှင်များ၊ ဖောင်ဒေးရှင်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြစ်ကြီးနားပြန်လည်ထူထောင်ရေးစခန်းကို (၂၀၁၈) ခုနှစ်၊ အောက်တိုဘာလက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက မွမ်းမံပြင်ဆင်၍ စတင်ဖွင့်လှစ်ခဲ့ပြီး ပထမအကြိမ် စခန်းအခြေပြု မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းကို (၂၀၁၈)ခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ပြန်လည်ထူထောင်ရာတွင်  အဓိက ရည်ရွယ်ချက်မှာ မူးယစ်သံသရာမှ ပြတ်တောက်သွားရန်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးကို အလွယ်တကူ လက်လှမ်းမီ မရရှိနိုင်ရန်  ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများကိုလည်း အစိုးရက ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်သံသရာမှ လွတ်မြောက် အောင် မူးယစ်ဆေးပြတ်ပြီးသူများကို ဆက်လက်ကြီးကြပ်စောင့်ရှောက်ကာ ပြန်လည် မသုံးစွဲရန် ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရန် တရားဥပဒေစိုးမိုးရေးသည် အလွန်အရေးကြီးကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများ ဆေးဖြတ် ပြီးထိရောက်သော ပြန်လည်ထူထောင်ရေးကို ဦးတည်ဆောင်ရွက်နေရာ လက်ရှိမူးယစ်ဥပဒေ အသစ်တွင်လည်း ပြန်လည်ပြင်ဆင်ရန် လိုအပ်မှုရှိသည်ကို ဆန်းစစ်လေ့လာမှုများအရ တွေ့ရှိရကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်သူများနှင့် အရပ်ဖက်အဖွဲအစည်းများ ကလည်း အားလုံးပူးပေါင်းဆောင်ရွက်လိုအပ်ကြောင်းနှင့် စေတနာ့ဝန်ထမ်းသင်တန်းသား များကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်နယ် အစိုးရအနေဖြင့် ကချင်ပြည်နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါး တားဆီး နှိမ်နှင်းရေးတို့ကို အစိုးရစတင်တာဝန်ယူချိန်မှစ၍ ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်မှစတင်၍ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားဆောင်ရွက်မည်ဖြစ်ရာ မူးယစ်ဆေးဝါးနှိမ်နှင်းရေးသည် အဓိကလုပ်ငန်းအဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်လူမှုရေးဝန်ကြီးနှင့်အတူ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမတွင် ကျင်းပပြုလုပ်သော ကချင်ပြည်နယ်အတွင်းရှိ လူငယ်များ၊ လူမှုအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူငယ် များရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ အခွင့်အရေးအပြည့်အဝရရှိမှုများအတွက် လူငယ်ရေး ရာမူဝါဒကို အကောင်အထည်ဖော်ခဲ့ကြောင်း၊ လူငယ်များအတွက်အပြောင်းအလဲကို ဖော်ဆောင်ရန်လူငယ်များ၏ အခက်အခဲ၊ အကျပ်အတည်းများကို ဖြေရှင်းဆောင်ရွက်ရန် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ကိုယ်းစားပြုလူငယ်များဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ မဟာဗျူဟာများ၊ လုပ်ငန်းစဉ်များချမှတ်ပြီး ဆက်လက်၍ထိရောက်စွာ အကောင် ထည် ဖော်ဆောင်ရွက်ရန် လိုအပ်သည့်အတွက် လူငယ်များနှင့် တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို မျှော်မှန်း၍လျှောက်လှမ်းရာတွင် သာတူညီမျှခံစား ရရှိရေးသည် အနှစ်သာရဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးရှိ လူငယ်များအခွင့်အရေးများနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို မျှမျှတတခံစားရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူငယ်များကြား လူငယ်ရေးရာမူဝါဒကို ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် လူငယ်ရေးရာ ကော်မတီဝင်များက လူမှုအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူပေါင်း၍ ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

တက်ရောက်လာကြသော လူငယ်များက ပြည်နယ်လူငယ်ရေးရာ ကော်မတီ၏ ဆောင်ရွက်မည့်ကိစ္စများအတွက် ဘတ်ဂျတ်ခွဲဝေချထားရေး၊ လူငယ်ရေးရာ ရုံးဖွင့်လှစ်နိုင်ရေး၊ ခရိုင်အလိုက် လူငယ်စင်တာများပေါ်ပေါက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရမည့် ရှေ့လုပ်ငန်း စဉ်များကိုဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲအပြီးတွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

#h11

#kcn_mar2019

 

Source: MSWRR

မတ်လ (၃၀) ရက် မြစ်ကြီးနား

Sign Up

Upcoming Events