လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ် ကြီး H.E. Mr. Hong Liang ဦးဆောင်သောအဖွဲ့နှင့် ကိုဖီအာနန်ဖောင်ဒေးရှင်း ဥက္ကဌ Mr. Alan Doss ဦးဆောင်သောအဖွဲ့တို့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၏ မေခလာခန်းမ၌ သီးခြားစီ လာရောက် တွေ့ဆုံသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ဒုက္ခသည်စခန်းများရှိ တိုက်ပွဲရှောင်ဒုက္ခသည်များနှင့် ပတ်သက်၍ ၎င်းတို့၏ လူမှုဘဝ ပြန်လည်ရပ်တည်နိုင်ရေးအတွက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ လုံခြုံစိတ်ချမှုရှိသော ပတ်ဝန်းကျင်များ ဖန်တီးပေးရေးကိစ္စရပ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများနှင့် လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးဆိုင်ရာ ကိစ္စရပ်များ၊ တစ်နိုင်ငံလုံအတိုင်းအတာဖြင့် IDP စခန်းများပိတ်သိမ်းရန်အတွက် အမျိုးသားမူဝါဒချမှတ် ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ စခန်းအခြေပြုမူးယစ်ဆေးဖြတ် ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် လူထု အခြေပြုမူးယစ်ဆေးဖြတ်ပြန်လည်ထူထောင်ရေးလုပ်ငန်းဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် ပြန်လည်ထူထောင်ရေးဆိုင်ရာ စီမံကိန်းအတွက် စီမံချက်ရေး ဆွဲရေး ကော်မတီဖွဲ့စည်းမည့် ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပါသည်။
ကိုဖီအာနန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌနှင့်တွေ့ဆုံရာတွင် ကိုဖီအာနန်ဖောင်ဒေးရှင်း၏ နာယက ဟောင်း ဖြစ်သူ Mr. Kofi Annan သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် ကွယ်လွန်ခဲ့သော်လည်း ၎င်း၏ ဆန္ဒအတိုင်း ကိုဖီအာနန်ဖောင်ဒေးရှင်းမှာ ငြိမ်းချမ်းရေး၊ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များတွင် ဆက်လက်ဆောင်ရွက်လျက်ရှိမှု၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှအနေဖြင့် အကြံပြုချက်များ ထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံအစိုးရမှ ပြည်သူ့အကျိုးကိုရှေးရှု၍ စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်နေမှုများနှင့် အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း အဓိကဆောင်ရွက်ရမည့်နယ်ပယ်များအနေဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး၊ လူမှုသဟဇာတမျှတရေးတို့ကို ဆောင်ရွက်နေသည့်အခြေအနေများ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း မြန်မာနိုင်ငံဘက်မှ ပြင်ဆင်ထားရှိမှုများ၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် အာဆီယံနိုင်ငံများက ပါဝင်ဆောင်ရွက်နေ သည့် အခြေအနေများ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက် နေမှုများ၊ ရခိုင်ပြည်နယ်အတွင်း ယုံကြည်မှုတည်ဆောက်ရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် လူမှုသဟဇာတမျှတရေး တို့အတွက် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သတင်း ရရှိပါသည်။
#hl1
#npw_mar2019
မတ်လ ၁၈ ၊ နေပြည်တော်